အဆင်မပြေတဲ့၊ မပျော်ရွှင်ရတဲ့ Relationship ကို ဖက်တွယ်နေမယ်ဆိုရင် နာကျင်ရဖို့ပဲရှိပါတယ်။ ပြန်ပြီးအဆင်မပြေလာမလား၊ ပျော်ရွှင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားပြီးထိန်းထားလည်း အဆင်မပြေရင် လွှတ်ချလိုက်တာ အကောင်းဆုံးပါ။ ချက်ချင်းကြီး လွှတ်ချဖို့ အဆင်မပြေသေးတဲ့သူတွေအနေနဲ့ ဒီလိုမျိုးအရာတွေလုပ်ပြီး ရုန်းထွက်ကြည့်ပါ။

လက်ရှိအခြေအနေကိုသေချာစဉ်းစားပါ

လက်ရှိမှာ ဘာတွေဖြစ်နေလဲ၊ ဘယ်လိုပြဿနာတွေဖြစ်နေလဲ၊ ကိုယ်ဘယ်လိုခံစားနေရလဲဆိုတာကို သေချာပြန်စဉ်းစားပါ။ လက်ရှိအခြေအနေကို မေ့ထားပြီး အဆင်ပြေသွားမှာပါဆိုတဲ့ မျှော်လင့်ချက်မထားပဲ လက်ရှိဖြစ်နေတာတွေကို ပြန်စဉ်းစားပါ။ ဒါမှလည်း အမှားအမှန်သိပြီး ဆုံးဖြတ်နိုင်မှာပါ။

ရှေ့ကိုကြိုစဉ်းစားပါ

ဒီ Relationship ကို လက်မလွှတ်နိုင်ရင် ကိုယ့်အနေနဲ့ ဘာဆက်ဖြစ်နိုင်လဲ၊ လမ်းခွဲလိုက်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ စဉ်းစားကြည့်ပါ။ ချက်ချင်းလက်မလွှတ်နိုင်တဲ့သူဆိုရင် အချိန်ယူပြီး ဖြေးဖြေးချင်း Move On လုပ်သွားပြီး အဆင်ပြေလောက်မှ လမ်းခွဲတာမျိုး လုပ်ပါ။

တိုင်ပင်ပါ

တစ်ယောက်ထဲဆုံးဖြတ်ဖို့ ခက်ခဲနေတယ်၊ လက်လွှတ်ဖို့အတွက် ဆုံးဖြတ်ချက်တွေက ၅၀% စီဖြစ်နေတယ်ဆိုရင် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အရင်းနှီးဆုံးသူတွေနဲ့ တိုင်ပင်ကြည့်ပါ။ သူတို့ကိုရင်ဖွင့်ပြီး အကြံဉာဏ်တောင်းကြည့်ပါ။ ပိုပြီးဆုံးဖြတ်ဖို့ လွယ်ကူလာပါလိမ့်မယ်။

ဆုံးဖြတ်ပါ

အပေါ်ကနှစ်ချက်ကိုလုပ်ပြီးတော့ စိတ်အခြေအနေလည်း အဆင်ပြေလောက်ပြီဆိုရင် လမ်းခွဲဖို့အတွက် ဆုံးဖြတ်ချက်ချပါ။ အမုန်းနဲ့လမ်းခွဲတာမျိုးထက် ကောင်းကောင်းမွန်မွန် ညှိုနှိုင်းပြီး နှစ်ဦးသဘောတူ လမ်းခွဲနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ပြတ်ပြတ်သားသားလုပ်ပါ

လမ်းခွဲတဲ့အခါ ကိုယ့်အနေနဲ့ အချိန်ယူပြီး သေချာစိတ်ပြင်ဆင်ပြီးမှ လုပ်တာဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားလုပ်ပါ။ လမ်းခွဲပြီး ရက်အနည်းငယ်လောက်နဲ့ မနေနိုင်လို့ ပြန်ဆက်သွယ်တာမျိုးတွေ မဖြစ်ပါစေနဲ့။

ကိုယ့်အတွက်ကိုယ်စဉ်းစားပါ

လမ်းခွဲပြီးပြီဆိုရင် ကိုယ်လုပ်ရမယ့်အရာက တစ်ခုပဲရှိပါတယ်။ ကိုယ့်အတွက်ကိုယ်စဉ်းစားဖို့ပါပဲ။ ကိုယ့်အတွက် အကောင်းဆုံးတွေကိုပဲလုပ်ဆောင်ပြီး ပျော်အောင်နေထိုင်သွားပါ။