လူကြားထဲ သွားလာတဲ့အခါ ခေါင်းယားလို့ တစ်ချိန်လုံးကုတ်ဖဲ့နေမယ်ဆိုရင်တော့ ရှိုးပဲ့တာပေါ့နော်။ အထူးသဖြင့် အခုလို ပူအိုက်တဲ့ရာသီမှာ ဦးရေပြားယားယံခြင်းက ပိုဆိုးပါတယ်။ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ ဆိုင်မှာ ဈေးကြီးပေးလုပ်ရတဲ့ ပေါင်းတင်နည်းတွေ အသုံးပြုမယ့်အစား အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းစစ်စစ်တွေကို အသုံးပြုမယ်ဆိုရင် အကုန်အကျလည်း သက်သာပြီး အချိန်ကုန်လည်း သက်သာမှာပဲ ဖြစ်ပါတယ်။

ဗောက်ကြောင့် ခေါင်းယားယံတဲ့အခါ၊ ဦးရေပြားခြောက်သွေ့လို့ ခေါင်းယားတဲ့အခါ ဒီအိမ်တွင်းဆေးနည်းလေးတွေကိုသာ သတိရလိုက်ပါ။

အုန်းဆီစစ်စစ်

အုန်းဆီကို အနည်းငယ် အပူပေးပြီး နွေးနွေးလေးဖြစ်သွားပြီဆိုရင် ဦးရေပြားနဲ့ ဆံပင်အနှံ့ သုတ်လိမ်းပေးလိုက်ပါ။ အုန်းဆီက ဦးရေပြားထဲ စိမ့်ဝင်သွားဖို့အတွက် ဦးရေပြားကို ၂ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၂ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဗောက်ကြောင့် ဦးရေပြား ယားယံခြင်းနဲ့ ဦးရေပြားခြောက်ခြင်းတို့ကို သက်သာစေမှာပါ။

ပန်းသီးရှာလကာရည်

ရေ လေးဆနဲ့ ပန်းသီးရှာလကာရည် တစ်ဆတို့ကို သမအောင် ရောမွှေပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၂ မိနစ်ခန့် ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုလည်း တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

သံလွင်ဆီ စစ်စစ်

သံလွင်ဆီကို နွေးနွေးလေးဖြစ်သွားအောင် အပူပေးလိုက်ပြီးနောက် ဆံကေသာနဲ့ ဦးရေပြားကို သုတ်လိမ်းပေးလိုက်ပါ။ တစ်ညလောက် သိပ်ထားပြီး မနက်ရောက်မှ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံကေသာကို ကျန်းမာလှပစေပြီး ဦးရေပြားအစိုဓာတ်ကိုလည်း ထိန်းချုပ်ပေးထားနိုင်ပါတယ်။

သံပုရိုရည်

ပါဝင်ပစ္စည်းများကတော့ လတ်ဆတ်တဲ့ သံပုရိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းမှ ၃ ဇွန်းခန့်နှင့် ဝါဂွမ်းလုံးတို့ လိုအပ်ပါမယ်။ ဝါဂွမ်းကို သံပုရိုရည် ဆွတ်လိုက်ပြီး ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ နေရာအနှံ့သုတ်လိမ်းပြီး ၁၀ မိနစ်ခန့်ကြာမှ ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး မလုပ်သင့်ပါဘူး။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ကြာမှ ကြက်သီးနွေးရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။

Source: stylecraze.com