အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်လို ကိစ္စပေါင်းသောင်းခြောက်ထောင်နဲ့ ရှုပ်ထွေးလွန်းလှတဲ့ လူ့လောကကြီးမှာ ချစ်သူရည်းစားတစ်ယောက်ထားရဖို့ဆိုတာ အင်မတန်ကို ခဲယဉ်းလွန်းလှပါတယ်။ ရည်းစားထားလို့လည်း ပေါ့ပေါ့တန်တန် တွေးမထားသင့်ဘဲ သူ့နေရာနဲ့သူ၊ သူ့အချိန်အခါနဲ့သူ ပြုကျင့် သိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။

တချို့ကောင်လေးတွေကတော့ အခုဖော်ပြပေးမယ့် အချက်လေးတွေထဲက တချို့တလေကို သေချာမသိနားမလည်းတဲ့အတွက်ရယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာမသိတာတွေကြောင့် ချစ်သူဆီက အမှတ်အပြည့်မရနိုင်ကြသေးပါဘူး။

ဒါကြောင့် ကိုယ်ချစ်ရတဲ့ ချစ်သူကောင်မလေး၊ ရည်းစားဆီက အချစ်အပြည့်၊ အမှတ်အပြည့်ရနိုင်ဖို့အတွက် သိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ထီး၊ ဂျာကင်ဝေမျှသုံးပါ

မိုးရွာချိန်ဖြစ်ဖြစ်၊ နေပူချိန်ဖြစ်ဖြစ် ဦးစားပေးပြုလုပ်ရမယ့်အရာကတော့ ကိုယ့်ဆီမှရှိတဲ့ ထီး သို့မဟုတ် ဂျာကင်ကို ချစ်သူအသုံးပြုနိုင်ဖို့အတွက် ပေးလိုက်ဖို့ပါပဲ။ ဒါမှမဟုတ် ကိုယ့်လက်ထဲမှာ နှစ်ခုလုံးမရှိဘူးဆိုရင်တော့ မြန်မြန်ဆန်ဆန်ပြေးသွားလိုက်ပြီး ကားရှိရင်ကားယူတာဖြစ်ဖြစ်၊ တက္ကစီငှားတာဖြစ်ဖြစ် ပြုလုပ်ပြီး အိမ်ကိုသေချာရောက်အောင် စောင့်ရှောက်လိုက်ပါ။

၂။ လမ်းမဘေးက ကပ်လျှောက်ပါ

ဒီအချက်ကတော့ တခါတလေ အမျိုးသားတို့ သတိမထားမိတတ်ကြပါဘူး။ ဘာရယ်မဟုတ်ဘူး ဒီလိုပဲလမ်းလျှောက်လိုက်တာဆိုပေမယ့် ဒီလိုအသေးအဖွဲဂရုစိုက်မှုလေးတွေကပင် မိန်းကလေးတွေရဲ့ ရင်ကို ထိသွားစေနိုင်ပါတယ်။ ဘေးနားက ကားဖြတ်သွားချိန် ဗွက်စင်မှာရယ်၊ ကွမ်းတံတွေးရုတ်တရက်ထွေးလိုက်မှာတွေရယ်ကို ကြိုတင်စိုးရိမ်ပြီး ဂရုစိုက်ပေးခြင်းဖြင့် ကိုယ်က သူ့အပေါ်မှာ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ပြသနိုင်ပါတယ်။

၃။ အိမ်အထိ သွားကြိုပါ

သူနဲ့ အပြင်ထွက်ပြီး ဒိတ်လုပ်တော့မယ်ဆိုရင် သူမရဲ့အိမ်ကိုအရောက်သွားပြီး ကြိုလိုက်ပါ။ ဒီလိုလေးတွေလုပ်ပေးခြင်းက နှစ်ဦးကြားက ဆက်ဆံရေးကို ပိုပြီးတိုးတက်စေကာ အမှတ်တွေလည်း ပိုရပြီပေါ့။

၄။ အိမ်ပြန်လိုက်ပို့ပါ

အိမ်ကိုသွားကြိုပြီးလို့ အပြင်မှာ အားရပါးရဒိတ်လုပ်ပြီးရင် သူမအတွက် လုံခြုံမှုရှိစေဖို့ အိမ်အရောက်ပြန်လိုက်ပို့ပေးဖို့ကလည်း သင့်ရဲ့တာဝန်ပါပဲ။ အကယ်လို့ ကိုယ့်ရဲ့ကားနဲ့အိမ်ပေါက်ဝထိ လိုက်ပို့ပေးတာဆိုရင်လည်း ကိုယ်ကအလိုက်တသိနဲ့ တံခါးဖွင့်ပေးတာ၊ ဒါမှမဟုတ် အတူလမ်းလျှောက်ပြီး အိမ်ပြန်ပို့ပေးတာဆိုရင်လည်း စကားလေးတပြောပြောနဲ့ အတူလမ်းလျှောက်ပြန်ပါ။

၅။ ကိုယ့်ရဲ့သူငယ်ချင်း၊ မိသားစုတွေနဲ့ မိတ်ဆက်ပေးပါ။

နှစ်ဦးသား အပြင်မှာ ဒိတ်လုပ်ရင်းနဲ့ မထင်မှတ်ဘဲ သူငယ်ချင်း၊ အမျိုး ဒါမှမဟုတ် အသိမိတ်ဆွေနဲ့ လမ်းမှာတွေ့ခဲ့တယ်ဆိုရင် သူမကိုမိတ်ဆက်ပေးဖို့ မမေ့ပါနဲ့။ ထိုနည်းတူပဲ သူမကိုအိမ်ခေါ်သွားပြီး မိသားစုနဲ့မိတ်ဆက်ပေးပြီး စကားလက်ဆုံပြောကြခြင်းဖြင့် ကိုယ်ဟာ သူမကို ဘယ်လောက်တန်ဖိုးထားပြီး ကိုယ့်အတွက်ဘယ်လောက်အရေးကြီးတဲ့လူဖြစ်ကြောင်းကို သက်သေပြပေးတာပါပဲ။

၆။ သူမရဲ့မိဘတွေနဲ့ တွေ့ဆုံပါ

ကိုယ့်ချစ်သူကောင်မလေးကို သွားကြိုတဲ့အခါဖြစ်ဖြစ် အိမ်ပြန်လိုက်ပို့တဲ့အခါဖြစ်ဖြစ် သူမရဲ့မိဘတွေကို တွေ့ဆုံပြီး နှုတ်ဆက်စကားပြောပါ။ သူမရဲ့မိသားစုဝင်တွေနဲ့ အတူတူအချိန်ကုန်ဆုံးပေးခြင်းက ကိုယ့်အပေါ်မှာ ပိုပြီးယုံကြည်ချက်ရှိလာစေနိုင်ပါတယ်။

၇။ မကြာမကြာဖုန်းခေါ်ပါ

ယနေ့ခေတ်လို တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ Social Media ကိုသုံးပြီးတော့ စာပို့နိုင်ပေမယ့်လည်း ကိုယ်ကသူ့ကိုဘယ်လောက်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းကို ပြသဖို့အတွက် မကြာမကြာဖုန်းခေါ်ပေးပါ။

၈။ သူမနဲ့ပတ်သက်တဲ့ အရေးကြီးနေ့တွေကို အမှတ်တရရှိပါ

မွေးနေ့ဖြစ်စေ၊ နှစ်ပတ်လည်ဖြစ်စေ သူမနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ရက်စွဲတွေကို သေချာမှတ်မိနေစေပါ။ အမျိုးသားအများစုက ထိုကဲ့သို့နေ့တွေကို မှတ်ရတာမလွယ်ပေမယ့်လည်း အတတ်နိုင်ဆုံး သတိတရရှိပြီး လက်ဆောင်လေးတွေ၊ ပန်းစည်းလေးတွေ၊ ရုပ်ရှင်အတူတူကြည့်ပေးခြင်းတို့ကို ပြုလုပ်ပေးလိုက်ပါ။ သူမကို ပျော်ရွှင်စေမယ်ဆိုတာကို အာမခံပါတယ်။