အားလုံးပဲ မင်္ဂလာပါနော်။ ပျိုမေတို့အနေနဲ့ အချို့ Cele တွေရဲ့ မိတ်ကပ်မပြင်ထားသလို မျက်နှာလေး Glow ပြီး သဘာဝဆန်ဆန်လှနေတဲ့ ပုံရိပ်တွေကို မြင်ဖူးကြမှာပါနော်။ ဒါဟာ တစ်ကယ်တော့ သူတို့ကိုယ်တိုင်က မိတ်ကပ်လိမ်းထားပေမယ့် ပြင်ထားမှန်းမသိသာတဲ့ လိမ်းနည်းကို သုံးကြတာကြောင့်ပါ။

ဒီလိုမျိုး မိတ်ကပ်ထွေထွေထူးထူးမလိမ်းဘဲ ကြည်ပြီး Glow နေအောင် ပြင်ဆင်ရတဲ့ No Makeup Look ပုံစံက အခုခေတ်မိန်းကလေးတွေကြားမှာလည်း Trend ဖြစ်နေဆဲပါပဲ။ ဒါကြောင့်မို့ စိတ်ဝင်စားတဲ့ ပျိုမေတို့အတွက် ကိုယ်တိုင်လိုက်ပြင်ကြည့်နိုင်ဖို့ ဒီတစ်ခေါက်မှာ No Makeup Look လိမ်းနည်းအဆင့်ဆင့်ကို ဖော်ပြပေးသွားမှာပါ။

ပထမဆုံး မိတ်ကပ်မလိမ်းခင် Skincare နဲ့စပါမယ်။ အစိုဓာတ်ရပြီး နေရောင်ကာပေးတဲ့ Sun Gel တစ်မျိုး မပါမဖြစ်လိမ်းပေးပါ။


နှုတ်ခမ်းကို သဘာဝအတိုင်းဖူးဖူးအိအိလေးဖြစ်နေဖို့ Hyaluronic Acid အစိုဓာတ်ပါတဲ့ Lip Balm တစ်မျိုး အရင်လိမ်းထားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ပေါ့ပေါ့ပါးပါးနဲ့ အသားရောင်ညှိပေးတဲ့ Sheer Foundation တစ်မျိုးကို Concealer နည်းနည်းနဲ့ရောပြီး မျက်နှာရဲ့ အရောင်မညီတဲ့နေရာတွေ၊ အမဲစက်ရှိတဲ့နေရာတွေကို လိုက်ဖုံးပေးပါ။ Concealer ကို Foundation နဲ့ရောပြီးမှ လိမ်းတာက Concealer အရည်ကျဲပြီး ပိုပျံ့စေတာကြောင့် မိတ်ကပ်ထူသလိုမမြင်ရတော့ဘဲ ပါးပါးသိပ်သိပ်လေး ဖြစ်စေမှာပါ။
Makeup Sponge လေးနဲ့လိုက်ဖြန့်ပေးပြီး လိုတဲ့နေရာတွေမှာ Foundation လေးထပ်ဖြည့်ကာ မျက်နှာတစ်ပြင်လုံးညီသွားအောင် လိမ်းပေးလိုက်ပါ။ ပြီးတာနဲ့ နောက်တစ်ဆင့်မလိမ်းခင် Foundation ခြောက်အောင် ခဏစောင့်သင့်ပါတယ်။
နှာတံဖော်တဲ့အဆင့်အတွက် အများကြီးမလိုဘဲ လိုတဲ့နေရာတွေမှာပဲ ပါးပါးလေး ဖြည့်ဆွဲပါမယ်။ Cream အမျိုးအစား Bronzer လေးသုံးပေးပါ။ တစ်ခါတည်း နှုတ်ခမ်းသားပြည့်ပြည့်လေးဖြစ်အောင် နှုတ်ခမ်းထိပ်လေးမှာပါ အနည်းငယ်လိမ်းပေးလိုက်ပါမယ်။
ပါးနီလိမ်းတဲ့အဆင့်မှာလည်း Cream Blush သုံးပြီး လက်ချောင်းထိပ်လေးနဲ့ ခပ်ပါးပါးလိမ်းကာ ဖြန့်ပေးပါ။ သဘာဝဆန်ဆန် ပန်းရောင်သမ်းတဲ့ ပါးမို့မို့လေးရဖို့ အသားရောင်ဖောက်တဲ့ ပန်းနုရောင်လေးတွေ သုံးပေးသင့်ပါတယ်။


No Makeup Look ဖြစ်တဲ့အတွက် အရောင်ပါတဲ့ Eyeshadow တွေတော့ မသုံးပါဘူး။ ဒါပေမယ့် မျက်အိမ်ကျယ်ကျယ်လေးမြင်ရဖို့ အောက်မျက်ခွံဘေးမှာ Liner နဲ့အရိပ်ဖော်ကြည့်ပါ။ အောက်မျက်ခွံထောင့်နဲ့ မျက်ခွံအောက်ပိုင်းလေးတွေမှာ ပန်းနုရောင်ဖျော့ဖျော့လေးသုံးပြီး လက်ချောင်းလေးနဲ့ ဖြန့်လိမ်းပေးရုံပါပဲ။ ပိုပြီး သဘာဝဆန်ဆန်လေးဖြစ်အောင် အညို၊ အမဲ Eye Liner တွေအစား ပါးနီကာလာနဲ့ ဆင်တူတဲ့ Lip Liner လေးသုံးပြီး ဆိုးကြည့်ပါနော်။

အလားတူ Lip Liner လေးကိုပဲသုံးပြီး အပေါ်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း ပုံဖော်ပေးပါ။ ပုံဖော်ပြီးရင်တော့ သေချာလေး Blend လုပ်ပေးရပါမယ်။

ပြီးရင်တော့ နှုတ်ခမ်းနီအတွက် Nude ဖြစ်တဲ့ ပန်းရောင်နုနုလာလေးကိုပဲ သုံးပြီး ဆိုးပေးလိုက်ပါနော်။ အပေါ်ကနေ အကြည်ရောင် Lip Gloss လေးပါ ထပ်ဆိုးပေးလိုက်မယ်ဆိုရင် စိုစိုကြည်ကြည် သဘာဝပန်းနုရောင် နှုတ်ခမ်းလေးကို ရစေမှာပါ။
ပြီးခါနီးအဆင့်တွေအနေနဲ့ မျက်တောင်လေးကော့ပြီး Mascara ခပ်ပါးပါးဆိုးပေးရမှာပါ။ သဘာဝဆန်ဆန် မျက်တောင်ရှည်ရှည်ကော့ကော့ရအောင် မျက်တောင်တု တစ်ချောင်းချင်းဆက်တဲ့ နည်းကိုသုံးရပါမယ်။ မျက်တောင်တုကို ပါးပါးမျှင်မျှင်လေးတွေပဲ ရွေးသုံးပေးပါ။

နောက်ထပ် ကိုယ့်ရဲ့မျက်ခုံးအတွက် သဘာဝပိုဆန်ဖို့ ဆိုးတာထက် ထူထူကော့ကော့လေးမြင်ရမယ့် ဖယောင်းပါတဲ့ Brow Wax နဲ့ ကော့ပေးတာပိုကောင်းပါတယ်။
နောက်ဆုံးအနေနဲ့ မိတ်ကပ်ကွက်တာ၊ Foundation ပြယ်တာတွေမဖြစ်အောင် အပေါ်က Powder လေးလိမ်းပြီး ညှိပေးလိုက်ပါ။

ဒါဆိုရင်တော့ သဘာဝအတိုင်းလှနေမယ့် No Makeup Look ပုံစံ မိတ်ကပ်လေးကို ရရှိသွားပါပြီ။

Source: Youtube