ကိုယ့်အပေါ် ရက်စက်သွားသူ၊ လမ်းခွဲသွားသူ၊ ကိုယ့်ကို နာကျင်အောင် လုပ်သူတွေကို ဘယ်သူမှ လွယ်လွယ်မမေ့နိုင်ကြပါဘူး။ ကိုယ့်ရဲ့ သူ့အပေါ် သံယောဇဉ် အတိမ်အနက်ပေါ် မူတည်ပြီး ကိုယ့်ရဲ့ မေ့နိုင်စွမ်းက တစ်ဦးနဲ့ တစ်ဦး အချိန်ကွာခြားသွားလေ့ရှိပါတယ်။ တချို့က လပိုင်းဝန်းကျင်လောက် အချိန်ယူရပေမယ့် တချို့ကတော့ လုံးဝ မေ့နိုင်ဖို့ နှစ်များစွာ ကြာလေ့ရှိပါတယ်။ သင့်အနေနဲ့ သူ့ကို မေ့ပစ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေက အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
၁။ သူ့ကို Block ပစ်ပါ
သူ့ဘက်က သင့်ကို ဆက်သွယ်နိုင်မယ့် ကြားခံအရာအားလုံးကို ဖြတ်ပစ်သင့်ပါတယ်။ ဒီထဲ သူ့ရဲ့ Social Media Account တွေအားလုံး ပါဝင်ပါတယ်။ သင်ကိုယ်တိုင်က သူ့ကို မဆက်သွယ်မိအောင်၊ မမြင်ရအောင် လုပ်နိုင်မယ့် အရာက Block ပစ်တာပါ။
၂။ သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို ဖျက်ဆီးပါ
သင်က တစ်ချိန်ချိန် သူ့ကို သတိရရင် ကြည့်ဖို့ ဆိုပြီး သိမ်းထားရင် မေ့ဖျောက်ဖို့ ပိုအချိန်ကြာသွားတတ်ပါတယ်။ ဘယ်အရာကိုမှ မနှမြောဘဲ သူနဲ့ ပတ်သက်သမျှ အကုန် ဖြတ်ပစ်သင့်ပါတယ်။ သူနဲ့ ဓာတ်ပုံတွေကို Delete တာ၊ Message တွေ၊ ဗီဒီယိုတွေအားလုံးကို ဖြတ်ပစ်တာတွေ လုပ်သင့်ပါတယ်။
၃။ သေးသေးလေးတွေက အစ ဂရုမစိုက်ပါနဲ့
သူ့ကို မေ့နိုင်ဖို့ အဓိက လုပ်ရမှာက သူ့ရဲ့ Social Media Account တွေကို လုံးဝ သွားမကြည့်မိဖို့ပါ။ သူဘာတွေလုပ်နေလဲ၊ ဘယ်တွေသွားနေလဲ လိုက်ကြည့်တာက သနားဖို့ကောင်းတဲ့ အပြုအမူတစ်ခုပါပဲ။ သူ့ရဲ့ နောက်တစ်ယောက်က ဘယ်သူလဲ သွားကြည့်တာက သင့်ခေါင်းကို အတွေးတွေ ပိုထည့်ပစ်သလိုပဲ ခေါင်းရှုပ်စေပါလိမ့်မယ်။ ဒီတော့ လုံးဝ ဂရုမစိုက်ဘဲ နေသင့်ပါတယ်။
၄။ သင့်ပျော်ရွှင်မှုကို အရင်ဦးစားပေးပါ
ဘယ်လိုပဲ ဖြစ်ပါစေ သင့်စိတ် ချမ်းသာဖို့ကို အရင်ဦးစားပေးသင့်ပါတယ်။ သူနဲ့ အတူရှိမှ စိတ်ချမ်းသာမယ်ဆိုရင် သင်တို့နှစ်ဦးက လမ်းခွဲစရာ အကြောင်းမရှိပါဘူး။ ခဏတဖြုတ် သာယာမှု ရပြီး အချိန် အကြာကြီး နောင်တ ရနေစေမယ့် အရာတွေကို ရှောင်ကြဉ်သင့်ပြီး သင့်ပင်ကိုယ် ပျော်ရွှင်မှုအစစ်ကိုပဲ ဦးစားပေးသင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar