တကယ်တော့ အချိန်တွေအများကြီးပေးပြီး နေကြရတဲ့ နေရာဟာ အိမ်နဲ့ မိသားစုမဟုတ်ပါဘူး။ လုပ်ငန်းခွင်ပဲဖြစ်ပါတယ်။ မနက် အိပ်ယာနိုးလာတာနဲ့ ရုံးကရောက်လာကြပြီး ညမိုးစုန်းစုန်းချုပ်မှ အိမ်ပြန်ရောက်လာကြတာဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့က အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာသာ မပျော်ရွှင်ဘူးဆိုရင် ဘဝမှာ စိတ်ဓာတ်ကျစရာချည်းပဲ ဖြစ်နေမှာသေချာပါတယ်။ ဒီတော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

အချိန်တိကျပါစေ

လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက် အချိန်တိကျဖို့က အဓိကကျပါတယ်။ အချိန်မတိကျခဲ့ဘူးဆိုရင်တော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်တော့မှာ မဟုတ်ပါဘူး။ သင်တင်မကပါဘူး အတူ အလုပ်တွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ ဒီတော့ အချိန်တိကျမှုက လုပ်ငန်းခွင်မှာ ပျော်ရွှင်ဖို့အတွက် အရေးကြီးဆုံးအရာထဲမှာ ပါဝင်ပါတယ်။

စိန်ခေါ်မှုတွေ အမြဲရှိပါစေ

လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေချိန်မှာ ဘာစိန်ခေါ်မှုမှမရှိပဲ တစ်နေ့တာတိုင်းကို ဖြတ်သန်းနေရမယ်ဆိုရင် အဓိပ္ပါယ်မဲ့တဲ့ နေ့ရက်တွေနဲ့သာ တွေ့ကြုံနေရမှာပါ။ အလုပ်လုပ်ပြီဆိုကတည်းက စိန်ခေါ်မှုတွေရှိနေဖို့ လိုအပ်ပါတယ်။ စိန်ခေါ်မှုတွေနဲ့အတူ အားထုတ် ကြိုးပမ်းမှုတွေက သင့်ကို လုပ်ငန်းခွင်အတွင်း စိတ်ကျေနပ်ပျော်ရွှင်စေမှာ အမှန်ပါပဲ။

တိတ်တဆိတ် အလုပ်လုပ်ပါ

စကားမပြောရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဟိုက စကားတွေကို ဒီယူ ဒီကစကားတွေကို ဟိုပို့ လုပ်တာမျိုးကို မလုပ်ဖို့ပြောတာပါ။ လူတွေရဲ့ လှိူ့ဝှက်ချက်တွေကို လိုက်ပြောနေရတာ အစပိုင်းတော့ ပျော်စရာကောင်းနေမှာ သေချာပါတယ်။ နောက်ပိုင်းကျရင်တော့ လူတွေက လူတိုင်းရဲ့ အတင်းစကားတွေလိုက်ပြောနေတဲ့ လူကို ရှောင်သွားကြမှာပါ။ အဲဒီလိုဆို လူတိုင်းရဲ့ စည်းပြင်ကို ရောက်သွားပါလိမ့်မယ်။

မလိုမုန်းထား စကားတွေအပေါ် အာရုံမထားပါနဲ့

ရုံးတိုင်းမှာ ဒီလို ကိုယ့်အပေါ် မလိုမုန်းထားတဲ့သူတွေရှိနေပါတယ်။ ဒီလူတွေရဲ့ ပြောစကားတိုင်းကိုသာ လိုက်ပြီး အာရုံထားနေ နားစိုက်နေမယ်ဆိုရင် ဘယ်တော့မှ အလုပ်ကောင်းကောင်း လုပ်ရတော့မယ်မထင်ပါဘူး။ ဒီလူတွေရှိနေလို့ဆိုပြီး တခြား နေရာတစ်ခုကို ရှောင်ပြေးအလုပ်လုပ်မယ်ဆို လောကမှာ အလုပ်လုပ်စရာနေရာရှိတော့မယ်မထင်ပါဘူး။

စိတ်ဓာတ်ကျစရာတွေကို မတွေးပါနဲ့

လုပ်ငန်းခွင်မှာမှ မဟုတ်ပါဘူး။ လောကမှာ ကိုယ်ကြုံတွေ့ရသမျှ စိတ်ဓာတ်ကျစရာချည်းကိုသာ တွေးနေမယ် စဉ်းစားနေမယ်ဆိုရင် ခဏလေးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်သွားမှာပါ။ ဘဝမှာ ငါဖြစ်နိုင်တယ် ၊ ငါလုပ်နိုငတယ်လို့ အားတင်းထားမှသာ အောင်မြင်ပျော်ရွှင်မှုတွေကလည်း ကိုယ့်ဘဝထဲကို ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဘယ်လောက်ကျရှုံးနေပါစေ ။ စိတ်ဓာတ်ကျစရာတွေကို ခေါင်းထဲက ထုတ်ပြီး လုပ်စရာရှိတာတွေကိုသာ အားကြိုးမာန်တက် ဆက်လုပ်ပါ။