ပျိုမေတို့အနေနဲ့ ကိုယ်မျက်နှာမှာရှိနေတဲ့ ဝက်ခြံဖုတွေ မသိသာစေဖို့ မိတ်ကပ်နဲ့ဖုံးရတဲ့အခါမျိုးမှာ မိတ်ကပ်၊ ဖုန်နဲ့အဆီ စတဲ့အညစ်အကြေးတွေက တစ်ဆင့်ဖြစ်လာတဲ့ဘက်တီးရီးယားတွေကြောင့် တဖြည်းဖြည်းနဲ့ ဝက်ခြံတွေပိုထွက်လာတာ၊ ချွေးပေါက်ပိတ်လာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါတွေမဖြစ်အောင် မိတ်ကပ်ထူထူလိမ်းပြီးဖုံးလိုက်တာမျိုးထက် အခြားသောဂရုတစိုက်ပြုပြင်ပေးရမယ့် အချက်တွေကို သိထားဖို့လိုတာကြောင့် ဒီတစ်ခေါက်ဆောင်းပါးမှာ ဝက်ခြံရှိတဲ့သူတိုင်း သတိပြုသင့်တဲ့ အသားအရေ ထိန်းသိမ်းခြင်းဆိုင်ရာနည်းလမ်းအချို့ကို ဖော်ပြလိုက်ရပါတယ်။

၁။ ဝက်ခြံထွက်နှုန်းကို ထိန်းချုပ်ပေးရမယ်

Photo Source: Healthline

ပထမဆုံးနဲ့အရေးအကြီးဆုံးအချက်က ဝက်ခြံ Breakouts ဖြစ်ခြင်း ထပ်မရှိစေဖို့ သင်လက်ရှိအသုံးပြုနေတဲ့ Skincare နည်းလမ်းတွေက ကိုယ်နဲ့အမှန်တကယ်ကိုက်ညီမှုရှိမရှိကို စစ်ဆေးကြည့်ရမှာပါ။ ဒါ့အပြင် အခြေခံကျတဲ့ ကျန်းမာစေမယ့် စားသောက်နေထိုင်ပုံတွေကနေတစ်ဆင့် ဝက်ခြံသန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေးတွေနဲ့ ပုံမှန်သန့်စင်ခြင်း၊ စိတ်ဖိစီးမှုမရှိအောင်နေထိုင်ခြင်းနဲ့ အိပ်ရေး၀၀အိပ်ခြင်း စတာတွေ ပြုလုပ်ပြီး ဝက်ခြံထွက်ခြင်းကို ထိန်းချုပ်ပေးဖို့လိုပါတယ်။ သတိမထားမိဘဲ မျက်နှာကိုလက်နဲ့ ကိုင်မိတာတွေမဖြစ်အောင် သတိထားဖို့လည်းမမေ့ပါနဲ့။

၂။ သင့်တော်တဲ့ Gel အမျိုးအစား Moisturizer ရှာဖွေပါ

အသားအရေ အဆီပြန်တတ်တဲ့သူတွေမှာ ဝက်ခြံထွက်နိုင်ချေပိုများတာကြောင့် အဆီပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကို ရှောင်ဖို့လိုပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Gel အမျိုးအစားရှိတဲ့ Moisturizer တွေက သင့်မျက်နှာကိုပြောင်တင်းတင်းလေးဖြစ်စေပြီး ဝက်ခြံတွေမသိသာအောင်လည်း ကူညီပေးနိုင်ပါတယ်။ Gel တွေထဲမှာမှ Hyaluronic Acid ပါဝင်တဲ့ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

၃။ အမည်းစက်တွေဖယ်ရှားနိုင်မယ့် BB Cream (သို့) ပေါင်ဒါတစ်မျိုးအသုံးပြုပါ

BB Cream ဆိုတာက အသားအရောင်ညီစေဖို့နဲ့ မျက်နှာပေါ်က အဆီတွေကိုစုပ်ယူပေးနိုင်တဲ့ Lotion တစ်မျိုး ဖြစ်တာကြောင့် BB Cream နဲ့ဝက်ခြံဖုံးတာက အသားအရေကိုအဆီအလွန်အကျွံမပြန်စေဘဲ အသားအရောင် ခပ်ပြေပြေရစေပါတယ်။ အချို့သော အမည်းစက်ဖယ်ရှားပေးနိုင်တဲ့ Powder တွေမှာ အရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဝက်ခြံထွက်ခြင်းကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် BB Cream သုံးလေ့မရှိတဲ့သူတွေအနေနဲ့ Powder ပါးပါးလိမ်းပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၄။ Toner မဖြစ်မနေသုံးပေးပါ

Toner က အသားအရေရဲ့ pH ပမာဏကိုထိန်းညှိပေးနိုင်တဲ့အတွက် အဆီနဲ့အညစ်အကြေးတွေသန့်စင်စေပြီး ချွေးပေါက်ပိတ်ခြင်းပြဿနာမဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အသားအရေသန့်ရှင်းမှုအတွက် အရေးပါတဲ့ Toner အသုံးပြုခြင်းအဆင့်ကိုမကျော်မိအောင်သတိထားဖို့လိုပါတယ်။

၅။ မျက်နှာဂျေးချွတ်ခြင်း (Exfoliation) ပုံမှန်လုပ်ပေးဖို့လိုပါတယ်

ဝက်ခြံကြောင့် ပျက်စီးနေတဲ့မျက်နှာအသားအရေနဲ့ ချွေးပေါက်ကျယ်ခြင်း၊ ပိတ်ခြင်းတွေကို သက်သာစေဖို့ မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန်ဖယ်ရှားပေးဖို့လိုပါတယ်။ မိတ်ကပ်လိမ်းနေရတဲ့သူတွေအနေနဲ့လည်း ကိုယ့်အသားအရေပေါ်မူတည်ပြီး တစ်ပတ်တစ်ကြိမ်ခန့် Exfoliating လုပ်ပေးမှ မကြာခဏဝက်ခြံထွက်ခြင်းကို တားဆီးနိုင်မှာဖြစ်ပါတယ်။

၆။ ဝက်ခြံဖုတစ်ဝိုက်ကုသမှု (Spot Treatment) ပြုလုပ်ပေးပါ

ဒီနည်းလမ်းကတော့ ဝက်ခြံကိုမိတ်ကပ်နဲ့မဖုံးချင်တဲ့သူတွေအတွက် ဝက်ခြံအဖုရှိရာနေရာကိုပဲ ဖုံးထားနိုင်တဲ့ Spot Treatment လိမ်းဆေးတစ်မျိုးနဲ့တို့ပြီး လိမ်းထားခြင်းပဲဖြစ်ပါတယ်။ Spot Treatment အသုံးပြုတဲ့အခါမှာ ဓာတ်မတည့်ခြင်းနဲ့ အခြားအရေပြားပြဿနာတွေမဖြစ်စေဖို့အတွက် ကိုယ့်အသားအရေနဲ့ အဆင်ပြေပြီး အမာရွတ်ကျန်ခြင်းမရှိတဲ့ ဆေးတောင့်မျိုးကိုရွေးချယ်အသုံးပြုတတ်ဖို့ကလည်း အရေးကြီးပါတယ်။

Photo Source: Pinterest

By MyStyle Myanmar