အလုပ်အတူတူ လုပ်ခဲ့၊ ကျောင်း အတူတူ တက်ခဲ့တဲ့ အခင်ဆုံး သူငယ်ချင်းတွေက ရုတ်တရက်ကြီး ကိုယ့်ထက် စောပြီး အိမ်ထောင်ပြုသွားတဲ့အခါ ခံစားချက်က အောင့်သက်သက်ပါပဲ။ ကိုယ်ကကော ဒီအချိန်ထိ ဘာလို့ တစ်ယောက်မှ မရနိုင်သေးတာလဲ၊ အိမ်ထောင်မပြုနိုင်သေးတာလဲ စသဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်ကောင်း တင်နိုင်ပါတယ်။ အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းနဲ့ကလည်း အရင်လို လွတ်လွတ်လပ်လပ် မတွေ့နိုင်တော့တာမို့ သင် အထီးကျန်လာနိုင်ပါတယ်။ ဒီလို အချိန် ဘယ်လို ဖြတ်သန်းနိုင်မလဲ ကြည့်လိုက်ရအောင်နော်-
၁။ စိတ်မကောင်း ဖြစ်တာအတွက်
သူငယ်ချင်းတွေ အိမ်ထောင် ပြုသွားတဲ့အချိန် ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမို့ သူတို့ကို မနာ လိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုယ့်ဘဝနဲ့ သူတို့ ဘဝနှိုင်းယှဉ်ပြီး စိတ်ညစ်ကောင်း ညစ်နိုင်ပါတယ်။ ပထမဆုံး အချက်က ဒီလို ခံစားနေရတာဟာ ပုံမှန်ပါပဲ။ သူငယ်ချင်းအတွက် အပြည့်အဝ မပျော်ပေးနိုင်တဲ့ ကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ပါဘူး။
၂။ ချိန်းဆိုမှု
မအားရင်တောင် တစ်လမှာ တစ်ခါ ပုံမှန် တွေ့မယ်လို့ အိမ်ထောင်ပြုသွားတဲ့ သူငယ်ချင်းတွေကို ကြိုပြောထားသင့်ပါတယ်။ ဒီလိုရက်ဆိုရင် ငြင်းတဲ့လူမရှိစေရ ဆိုပြီး သူငယ်ချင်း အချင်းချင်း စည်းကမ်းချထားသင့်ပါတယ်။
၃။ အသစ်အသစ်တွေကို ရှာဖွေပါ
အရင်က သူငယ်ချင်းနဲ့အတူတူ သင်တန်း တူတူ သွားတက်နိုင်ပါတယ်။ လက်ရှိမှာ သူတု့ိ မရှိတော့ ကိုယ် တစ်ယောက်တည်း ဖြစ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာ တစ်ယောက်တည်း ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်သင့်ပါတယ်။ သင်တန်းအသစ်တွေကို တစ်ယောက်တည်းသွားတာ၊ ကိုယ်မလုပ်ဖူးတဲ့ အရာတွေကို အစမ်းလုပ်ကြည့်တာ တွေ လုပ်သင့်ပါတယ်။ အသစ်တွေ ရှာဖွေရင်း မိတ်ဆွေကောင်း အသစ်တွေကိုလည်း တွေ့နိုင်ပါတယ်။
၄။ Third Wheel အနေနဲ့ ရပ်တည်ဖို့ လေ့ကျင့်ပါ
သင့်အနေနဲ့ သူနဲ့ ဘယ်လိုမှ အဆက်အသွယ် မပြတ်ချင်ဘူးဆိုရင်တော့ Third Wheel ဖြစ်ရခြင်း ခံစားချက်ကို နေသားကျအောင် လေ့ကျင့်ထားသင့်ပါတယ်။ Third Wheel ဖြစ်တာက တစ်ယောက်တည်း နေရတာထက် ပိုကောင်းသလိုပါပဲ။
၅။ နောက်မှာ ကျန်ခဲ့တယ်ဆိုတာက ကိုယ့်အတွေး သပ်သပ်ပါပဲ
လူတွေရဲ့ နောက်မှာ ကျန်ခဲ့တယ် ဆိုတာက ကိုယ့်အတွေး သပ်သပ်ပါပဲ။ သူများ တွေ အိမ်ထောင်ပြုသွားလို့ ကိုယ်ကလည်း သူတို့အတိုင်း လိုက် လုပ်စရာမလိုပါဘူး။ လူတိုင်းက သူ့ဘဝနဲ့သူ သူ့ကံတရားနဲ့သူပါပဲ။ သင်က ဒီအချိန် မတွေ့သေးဘူးဆိုတာ အချစ်စစ်ဟာ မထင်မှတ်ထားနိုင်တဲ့ Surprise အကြီးစား ကြီး ဖြစ်နေနိုင်လို့ပါ။ ဒီတော့ သင့်အနေနဲ့ သူငယ်ချင်း တွေ အိမ်ထောင်ပြုသွားပြီ။ ငါကတော့ အဖြစ်မရှိဘူးဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်မတင်သင့်ပါဘူး။ နောက်မှာ ကျန်ခဲ့တယ်ဆိုတာ သင့် အတွေး သပ်သပ်ပါပဲ။
Photo Source: Pinterest
By MyStyle Myanmar