ပျော်ရွှင်မှုအတွက် အကြီးမားဆုံးသောစိန်ခေါ်မှုကတော့ အထီးကျန်ဆန်ခြင်းပဲ့ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါနော်။ ပျော်ရွှင်စိတ်ချမ်းသာမှုအကြောင်းပြောလေလေ အထီးကျန်ဆန်မှုဟာ အဆိုးဆုံးသောအရာ၊ အခက်အခဲဆုံးကုစားရမယ့်အရာဖြစ်နေလေလေပါပဲ့။

ဒါပေမဲ့ တစ်ယောက်တည်းနေရတာနဲ့ အထီးကျန်ဆန်တယ်ဆိုတာ မဟုတ်ဘူးဆိုတာတော့ သိကြမှာပါ။ အထီးကျန်ဆန်တယ်လို့ ခံစားနေရတာကြောင့် ဝမ်းနည်းနေတတ်တာတွေ၊ စိတ်တိုင်းမကျတာတွေ ဖြစ်နေသလို မပျော်ပဲဖြစ်နေတတ်ပါတယ်။ အဲဒီခံစားချက်ကို အမြန်ဆုံးကုစားပေးခြင်းတယ်ဆိုရင်တော့ ဒီအရာလေးတွေကို လိုက်ပြီးလုပ်ဆောင်ပေးဖို့ လိုအပ်မယ်နော်။ သင့်ရဲ့အထီးကျန်ဆန်တဲ့စိတ်ကို ဖျောက်ဖျက်ပစ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေက ဘာတွေများဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

တစ်ခြားသူတွေနဲ့ စကားပြောတဲ့အကျင့် လုပ်ပါ။

မေးထူးခေါ်ပြော ဆွေးနွေးတတ်တာဟာ စကားကို ဗျစ်တောက်ဗျစ်တောက် ပြောတာနဲ့ မတူပါဘူး။ လူဖြစ်လာရင်တော့ တစ်ယောက်တည်း ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းနေလို့မရပါဘူး။ ဒီတော့ ကိုယ့်အလုပ်ထဲက လူတွေနဲ့ အားရင်အားသလို့ ပြောဆိုဆက်ဆံပါ။ ရင်းနှီးအောင် ကိုယ်ကစ မိတ်ဆက်ပါ။ ရပ်ကွက်ထဲက အိမ်နှီးချင်းတွေကအစ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တဲ့ အကျင့်ကို မွေးပါ။

ကိုယ့်ကိုယ်ကို ဘာလိုနေသလဲဆိုတဲ့ မေးခွန်း မေးတဲ့အကျင့်လုပ်ပါ။

ကိုယ့်ကိုယ်ကို အထီးကျန်ဆန်တယ်လို့ ခံစားနေရရင် သူငယ်ချင်း မရှိလို့လား၊ ခွဲခြားဆက်ဆံခြင်း ခံနေရလို့လား၊ ခရီးသွားခွင့်မရလို့လား၊ ရည်းစားမရသေးလို့လား ဘားလားညာလား စသည်ဖြင့် ကိုယ့်လိုအပ်ချက်ကို သိရအောင် ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ အကျင့်လုပ်စေချင်ပါတယ်။ ကိုယ့်ကို အထီးကျန်စေတဲ့ အရာတွေအများကြီးရှိပေမယ့် အဲဒီအရာက ဘာလဲဆိုတာ သိလိုက်ရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ အဖြေတွေကို ရှာဖွေဖော်ထုတ်နိုင်လို့ပါ။

တစ်ခြားသူတွေကို ဂရုစိုက်တဲ့အကျင့် လုပ်ပါ။

ကိုယ့်ရပ်ကွက်ထဲက အိမ်နီးချင်းကလေးတွေကို ဂရုစိုက်ပေးတာမျိုး၊ ကျောင်းသွားပြီး ကလေးတွေကို စာသင်ပေးတာမျိုးတွေ လုပ်စေချင်ပါတယ်။ “လောကရဲ့ စိတ်လက်ချမ်းသာ နေချင်သူများ၊ ကလေးများနဲ့ အပေါင်းအသင်းလုပ်ပါ ဘာတွေကိုမှ မကြည့်နဲ့” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းစာသားဟာ အင်မတန် မှန်ကန်ပါတယ်။ ကလေးတွေနဲ့ နေနေရရင်တော့ ဘယ်က အထီးကျန်စိတ်တွေ၊ အားငယ်စိတ်တွေကမှ ဝင်မလာနိုင်ပါဘူး။ ဆိုလိုတာက တစ်ခြားသူတွေကိုလည်း သင့်ရဲ့ ဂရုစိုက်မှုတွေ ပေးပါ။

ပွင့်ပွင့်လင်းလင်း လုပ်ကိုင်တဲ့အကျင့်ရှိပါ။

ခက်တာတစ်ခုက ပွင့်ပွင့်လင်းလင်း မနေတတ်တော့ ဘယ်ကစ ပွင့်လင်းစွာ ပြုမှုရမလဲ မသိဖြစ်တတ်တဲ့ ကိစ္စပါ။  တကယ်တော့ အထီးကျန်ဆန်ပြီဆိုရင် လူကို အဆိုးဘက်ကိုချည်းရောက်သွားတတ်တာပါပဲ။ အဲဒီလို မဖြစ်ဖို့ကလည်း ပွင့်လင်းရိုးသားဖို့ အကျင့်ကလည်း လိုပါတယ်။ အဲဒီတော့ ကိုယ့်စိတ်ထဲက ပြောချင်တဲ့အရာတွေ၊ မကျေနပ်လို့ပဲဖြစ်ဖြစ် မပျော်ရွှင်လို့ပဲဖြစ်ဖြစ် ၊ ကျေနပ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ် အဲဒီ ခံစားချက်ကို ရိုးစင်းစွာပဲ ထုတ်ပြောလိုက်ပါ။ ပြုမူလိုက်ပါ။

အိပ်ရေးဝအောင် အိပ်ပါ။

အထီးကျန်ဆန်စေတဲ့ အကြောင်းရင်းတစ်ခုထဲမှာ အိပ်ရေးမဝတာကြောင့်လည်း ပါပါတယ်။ အထီးကျန်သလို ခံစားနေရလို့လည်း အိပ်မရပဲ အိပ်ရေးမဝတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အိပ်ရေးဝအောင် အိပ်ဖို့တော့လိုကို လိုအပ်ပါတယ်။

Source: psychcentral.com