စိတ်အခန့်မသင့်တဲ့အခါတိုင်း ဒေါသထွက်တာဟာ လူ့သဘာဝပါပဲ။ ဒေါသကြောင့် အမှားတွေ အများကြီးလည်း လုပ်မိခဲ့မိမှာပါ။ ဒါကြောင့်ပဲ ပညာရှင်တွေ ညွှန်းတဲ့ ဒေါသကို ကိုင်တွယ်တဲ့ နည်းလေးတွေ မျှဝေပေးချင်ပါတယ်။

ဒီနည်းလေးတွေဟာ လက်တွေ့ကျတာကြောင့် ဒေါသကို ထိန်းချုပ်ရာမှာ ထိရောက်ပြီး ပြဿနာတွေကို ကောင်းကောင်းဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) ကိုယ့်ဒေါသကို သိပါ

ဒေါသဖြစ်ရင် ဒေါသရဲ့ ဆွဲဆောင်ရာနောက်ကို လိုက်ပါမိတတ်တယ်။ ဒေါသဖြစ်လာပြီဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်မှန်း သိအောင်လုပ်ပါ။ ဘာခံစားချက်မှ မပါဘဲ ဒေါသကို သိအောင် ကြည့်ကြည့်ပါ။ ဒေါသဖြစ်တဲ့ အကြောင်းနဲ့ ဒေါသရဲ့ အတိုင်းအတာ အရှိန်ကို သိခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရာမှာ ပိုပြီး လွယ်ကူလာနိုင်ပါတယ်။

(၂) စိတ်အေးကြည်သာအောင် လုပ်ပါ

ဒေါသကို သိပြီးရင် ဒေါသကို လျှော့ချဖို့အတွက် ပထမအဆင့် ကိုယ့်စိတ်လေးကို ကြည်လင်အောင် ထားဖို့ ဖြစ်ပါတယ်။ စိတ်ကို ပြေလျော့ကြည်လင်အောင် လမ်းလေးဘာလေး လျှောက်ပါ။ သီချင်းလေး နားထောင်ပါ။ ရေလေးဘာလေး ချိုးပါ။ ဒါမှမဟုတ်ရင်လည်း တရားထိုင်တာမျိုး ၊ အသက်ပြင်းပြင်းရှုသွင်း/ရှုထုတ် လေ့ကျင့်ခန်း လုပ်တာမျိုးနဲ့ ဝါသနာပါတဲ့ ဂိမ်းကလေးတွေ ကစားတာမျိုးလည်း လုပ်နိုင်ပါတယ်။

(၃) စိတ်ပြင်ပါ

ခံစားချက်က သင့်ကို စိတ်ပျက်နေတယ်/ပေါက်ကွဲချင်တယ်ဗျာလို့ ပြောပါလိမ့်မယ်။ ကိုယ့်အလုပ်က အဲဒီလို ခံစားချက်ဖြစ်စေတဲ့ အ‌ကြောင်းရင်းကို ဖော်ထုတ်ပြီး စိတ်ကလေးကို ပြုပြင်ပေးလိုက်ပါ။

ဘယ်လို ပြုပြင်ရမလဲဆိုရင် ပြဿနာကို အဆင့်ဆင့် အကဲဖြတ်တဲ့ အနေနဲ့ မေးခွန်းတွေ ထုတ်သွားပြီး ပိုင်းခြားကြည့်ပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ အတွေးပုံစံ Pattern ကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ အတွေးတွေက ပြောနေတဲ့ ကလေးဆန်တဲ့ စကားတွေကို လူကြီးဆန်ဆန် ဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမကြည့်ပါ။