ကိုယ်စီးထားတဲ့ဖိနပ်က အချိန်အကြာကြီး အပေခံဖို့အတွက်ဆိုပြီး အညိုရောင် (သို့) အနက်ရောင်ဖိနပ်ချည်းပဲ ဝယ်စီးတဲ့ခေတ်က ကုန်သွားပါပြီ။

ခေတ်ရေစီးကြောင်း ဖက်ရှင်က တဖြည်းဖြည်း ပြောင်းလဲလာသည်နှင့်အမျှ လူငယ်လူရွယ်များသာမက လူကြီးများသည်လည်း ဖိနပ်ဒီဇိုင်းအမျိုးမျိုး၊ ဖိနပ်အရောင်အမျိုးမျိုးနဲ့ ကိုယ်နဲ့ လိုက်ဖက်မယ်ထင်တာမျိုးကို ဝယ်ဝတ်ကြပါတယ်။

ဖိနပ်ဒီဇိုင်းအမျိုးမျိုး ဝယ်ဝတ်ကြတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဖိနပ်အမျိုးအစားပေါ်လိုက်ပြီး ကိုယ့်ဖိနပ်က အမြဲတမ်း သပ်ရပ်သန့်ရှင်းနေအောင် သန့်ရှင်းရေးပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ Sneakers ဖိနပ်ချစ်သူများအတွက် ကိုယ့်ဖိနပ်ကို အမြဲတမ်းသန့်ရှင်းပြီး ဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျနေစေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင် အထည်စနဲ့ ချုပ်လုပ်ထားတဲ့ Sneakers ဖိနပ်များကို ဘယ်လိုသန့်ရှင်ရေး လုပ်ရမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။

အဆင့် (၁) ဖိနပ်မှာ ပေနေတဲ့ အညစ်အကြေးများကို အဝတ်ခြောက်တစ်ထည်နဲ့ သုတ်ပေးလိုက်ပါ။

အဆင့် (၂) ပန်းကန်လုံးတစ်လုံးတွင် ရေနွေးနွေး ပန်းကန်လုံး ၂ လုံးစာ (စားပွဲတင်ဇွန်း ၃၂ ဇွန်းစာ) ခန့်ကို ပန်းကန်ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။

အဆင့် (၃) အသုံးမပြုတော့တဲ့ သွားတိုက်တံတစ်ချောင်းကို ဆပ်ပြာထဲ ထည့်နှစ်ပြီးနောက် ဖိနပ်ပေါ် ပွတ်တိုက်ပေးလိုက်ပါ။ ထိုကဲ့သို့ ပွတ်တိုက်တဲ့အခါ တစ်နေရာတည်းကိုပဲ အချိန်ကြာကြာ မပွတ်တိုက်ရဘဲ နေရာစုံကို တူညီတဲ့ နှုန်းဖြင့် ပွတ်တိုက်ပေးဖို့လိုအပ်ပါတယ်။ နို့မဟုတ်ရင် ဖိနပ်ခြောက်သွားတဲ့အခါ ဖိနပ်မှာ အစွန်းအထင်းကြီး ကျန်ခဲ့ပါလိမ့်မယ်။

အဆင့် (၄) ဖိနပ်ပေါ်မှာ ကျန်ခဲ့တဲ့ ဆပ်ပြာအကြွင်းအကျန်များကို ဖယ်ရှားဖို့ရန်အတွက် အဝတ်စအသန့်တစ်ခုကို ရေအနည်းငယ်ဆွတ်ပါ။ ထို့နောက် ဖိနပ်တစ်ခုလုံးပေါ်သို့ ပွတ်တိုက်သန့်စင်ပေးလိုက်ပါ။

အဆင့် (၅) ထို့နောက် နေရောင်ကောင်းကောင်းရတဲ့နေရာမှာ သင့်ရဲ့ဖိနပ်လေးကို ထုတ်လှမ်းပေးလိုက်ပါ။ ဖိနပ်ခြောက်သွားတဲ့အခါမှာတော့ သင့်ရဲ့ဖိနပ်က အသစ်အတိုင်း တောက်ပြောင်သန့်ရှင်းနေမှာဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ အဆင့် (၅) ဆင့်သည် ရိုးရှင်းလွယ်ကူတဲ့ အဆင့်များဖြစ်တဲ့အတွက်ကြောင့် မိမိအိမ်မှာပဲ အလွယ်တကူပြုလုပ်နိုင်ပြီး လက်တွေ့ကျပြီး ငွေကုန်ကြေးကျသက်သာတဲ့အတွက်ကြောင့် မိမိဖိနပ်တစ်ရံ ညစ်ပတ်သွားတိုင်း အသစ်တစ်ရံထပ်ဝယ်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။