စတိုင်လ်ကျချင်တဲ့သူတိုင်းရဲ့ အဝတ်ဗီရိုမှာ နေကာမျက်မှန် ကောင်းကောင်းတစ်လက်တော့ ရှိဖို့လိုပါလိမ့်မယ်။ နေကာမျက်မှန်တွေဟာ ဆွဲဆောင်မှုပိုရှိစေတဲ့အပြင် စမတ်ကျတဲ့အသွင်ကို ဖော်ဆောင်ပေးနိုင်တဲ့ အသုံးဆောင်တစ်မျိုးလည်း ဖြစ်ပါတယ်။

အရေးကြီးဆုံး အချက်တစ်ခုက နေကာမျက်မှန်ရွေးချယ်တဲ့အခါ ကိုယ့်မျက်နှာပုံစံနဲ့ ကိုက်ညီမှုရှိတဲ့ မျက်မှန်ဒီဇိုင်းကို သေချာလေးရွေးချယ်ဖို့ပါပဲ။

ဒီနေ့တော့ ကိုယ့်မျက်နှာကျပေါ်မူတည်ပြီး ဘယ်လိုမျိုး နေကာမျက်မှန်တွေကို မှန်ကန်အောင်ရွေးချယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ဘဲဥပုံ မျက်နှာပိုင်ရှင်

ဘဲဥပုံမျက်နှာကျကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကံကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေဟာ နေကာမျက်မှန် ဒီဇိုင်းအားလုံးလိုလိုနဲ့ လိုက်ဖက်မှုရှိလို့ပါပဲ။ မတူညီတဲ့နေကာမျက်မှန် ဒီဇိုင်းအမျိုးမျိုးပြောင်းလဲ ဝတ်ဆင်ဖို့အထူးသင့်လျော်ပြီး စွယ်စုံရတဲ့ မျက်နှာပိုင်ရှင်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

(၂) လေးထောင့်ကျကျ မျက်နှာပိုင်ရှင်

လေးထောင့်ခပ်ကျကျ မျက်နှာပိုင်ရှင်တွေအနေနဲ့တော့ အဝိုင်းပုံစံမျက်မှန်ဒီဇိုင်းတွေကို ရွေးချယ်သင့်ပါတယ်။ များသောအားဖြင့် လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေဟာ မာကျောတဲ့ မျက်နှာအသွင်ကို ဖော်ဆောင်တဲ့အတွက် မျက်မှန်အဝိုင်းတပ်မယ်ဆိုရင်တော့ နူးညံ့တဲ့ မျက်နှာအသွင်အပြင်ကို ပြောင်းလဲရရှိစေမှာဖြစ်ပါတယ်။

သတိထားရမှာတစ်ခုက အရမ်းကြီးတဲ့ မျက်မှန်ဆိုဒ်ကိုရှောင်ပြီး အသေးစား/အလတ်စား ပုံမှန်မျက်မှန်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။

(၃) ဝိုင်းဝန်းတဲ့ မျက်နှာပိုင်ရှင်

မျက်နှာကျက ခပ်ဝိုင်းဝိုင်းရှိတဲ့ သူတွေအတွက်တော့ လေးထောင့်ကျကျ မျက်မှန်ပုံစံတွေနဲ့ ကိုက်ညီမှုရှိပြီး မျက်နှာထက်အနည်းငယ်ပိုကြီးတဲ့ မျက်မှန်ဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။

(၄) တြိဂံပုံမျက်နှာပိုင်ရှင်

တြိဂံပုံမျက်နှာပိုင်ရှင်တွေကတော့ နဖူးက သိသိသာသာ ကျယ်ကားပြီး မျက်နှာအောက်ပိုင်းမေးရိုးက ချွန်သွားတဲ့အတွက် မျက်နှာအပေါ်ပိုင်းနဲ့ မေးစေ့ အချိုးအစားကို မျှတမှုရှိစေဖို့ လေးထောင့်မကျတကျနဲ့ ပိုမိုကျယ်ကားတဲ့ မျက်မှန်ပုံစံတွေကို ရွေးချယ်သင့်ပါတယ်။ အောက်ခြေပိုင်းကို အရမ်းရှုးပြီး သေးသွားတဲ့ မျက်မှန်ပုံစံမျိုးကိုတော့ ရှောင်ရမှာဖြစ်ပါတယ်။