မင်္ဂလာပါ ပျိုမေတို့ရေ။ အရောင်အမျိုးမျိုးပါတဲ့ မျက်ကပ်မှန်တွေတပ်တာက ဆံပင်အရောင်ပြောင်းလိုက်သလို သင့်ကို ရုပ်ပြောင်းသွားစေပါတယ်နော်။ အနုပညာရှင်တော်တော်များများဟာဆိုရင်လည်း သူတို့ရဲ့ Eye Makeup တွေပေါ်စေဖို့၊ မျက်နှာလေးထင်းနေဖို့နဲ့ ဆံပင်အရောင်၊ အင်္ကျီစတိုင်တွေနဲ့ ပိုလိုက်ဖက်စေဖို့ မျက်ကပ်မှန်ကို အရောင်အမျိုးမျိုးပြောင်းပြီး တပ်လေ့ရှိကြပါတယ်။

ပျိုမေတို့အနေနဲ့လည်း မျက်ကပ်မှန်တပ်တဲ့အခါ ကြည့်လိုက်တာနဲ့ မျက်နှာလေးထင်းထွက်နေစေမယ့် အရောင်မျိုးဖြစ်ဖို့ ကိုယ့်အသားအရောင်နဲ့လိုက်တဲ့ကာလာမျိုးတွေ ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ကိုယ့် Skin Tone အပေါ်မူတည်ပြီး ဘယ်လို မျက်ကပ်မှန်ကာလာတွေရွေးသင့်သလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

Warm Skin Tone

အသားအရမ်းမဖြူတဲ့ ခပ်ဝင်းဝင်း Skin Tone ရှိသူတွေက မျက်ကပ်မှန်အမဲ၊ နီညိုရောင်၊ ရွှေအိုရောင်၊ အဝါနဲ့ အညိုစတဲ့ အရောင်ငြိမ်ငြိမ်လေးတွေနဲ့ ပိုလိုက်ဖက်ပြီး အပြာရောင်တောက်တောက်လို အရောင်မျိုးတွေနဲ့တော့ သိပ်မလိုက်ပါဘူး။

Olive Skin Tone

ဒီ Skin Tone က အာရှသူတွေမှာရှိတတ်ကြတဲ့ အနည်းငယ် ညို့စိမ့်စိမ့်အရောင်မျိုးကိုဆိုလိုပြီး ဒီလို အသားအရောင်မျိုးရှိကြတဲ့သူတွေဟာ များသောအားဖြင့် နီညို၊ ရွှေအိုစတဲ့ Warm ဖြစ်တဲ့အရောင်တွေအပြင် အစိမ်း၊ ခရမ်းစတဲ့ ကာလာတောက်တောက်တွေနဲ့ပါ အရောင်သိပ်မရွေးဘဲ တော်တော်များများနဲ့ လိုက်ဖက်တတ်ကြပါတယ်။

Cool Skin Tone

သင်က အသားဖြူတဲ့ဘက်သွားတဲ့ Cool Skin Tone မျိုးရှိတယ်ဆိုရင်တော့ မျက်ကပ်မှန် ခဲရောင်၊ မီးခိုးရောင်၊ အစိမ်း၊ ခရမ်းနဲ့ အပြာရင့်ရောင်တွေကို တပ်ဖို့အကြံပေးချင်ပါတယ်။ ဒီလိုကာလာလေးတွေက Eye Makeup ကိုလည်းပေါ်လွင်စေပြီး ညို့အားပြင်းတဲ့ မျက်ဝန်းလေးတွေကိုရစေပါလိမ့်မယ်။

Dark Skin Tone

Warm Skin ကိုမှ အနည်းငယ်ပိုညိုတဲ့ ညိုချောလေးတွေကတော့ မျက်ကပ်မှန်ဝတ်တဲ့အခါ ကိုယ့်အသားအရေနဲ့ Blend ဖြစ်နေမယ့် အညိုဘက်သန်းတဲ့ ကာလာလေးတွေပိုတပ်ဆင်သင့်ပြီး ဒါက သင့်ကို မျက်ကပ်မှန်တပ်ထားမှန်းမသိသာဘဲ သဘာဝဆန်တဲ့ မျက်ဝန်းအလှကိုရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar