သင် ငယ်စဉ်တုန်းက မျက်မှန်တပ်တဲ့အခါ သင့်သူငယ်ချင်းများက လေးလုံး၊ မှန်ကြောင်၊ စာကြမ်းပိုး စသည်ဖြင့် နောက်ပြောင်ခေါ်ဝေါ်ခြင်း ခံခဲ့ရဖူးမှာပါ။ ကလေးအရွယ်ဖြစ်တဲ့အတွက်ကြောင့် ဖက်ရှင်ကျအောင် ကိုယ့်ကိုယ်ကို ဘယ်လိုဆင်ယင်ရမလဲ မသိတဲ့အတွက်ကြောင့် စတိုင်လ်ကျနေမှာမဟုတ်ပါဘူး။

တဖြည်းဖြည်း သိနားလည်လာပြီး ဖက်ရှင်အကြောင်း ဂဃနဏ သိလာတဲ့အခါမှာတော့ သင် ကြိုက်နှစ်သက်တဲ့ မျက်မှန်နဲ့ စတိုင်လ်ကျနိုင်ပါပြီ။ အခုဖော်ပြပေးမယ့်နည်းလမ်းများကလည်း သင့်ကို ပိုမိုဖက်ရှင်ကျလာအောင် ကူညီပေးပါလိမ့်မယ်။

ဘောင်အပြည့် ကွပ်ထားတဲ့မျက်မှန် ဝတ်ဆင်ပါ

လေ့လာတွေ့ရှိချက်များအရ ဘောင်အပြည့် ကွပ်ထားတဲ့ မျက်မှန်ဝတ်ဆင်ထားသူတွေက လူအများနဲ့ ပိုမိုမျက်လုံးချင်းစကားပြောနိုင်ကြပြီး ပိုမိုဆွဲဆောင်မှုရှိကြပါတယ်။ ထိုသူတွေက ဉာဏ်ရည်ပိုမိုထက်မြက်သလို ပိုမို၍လည်း အောင်မြင်ကြပါတယ်။

ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ မျက်မှန်ကို ရွေးချယ် ဝတ်ဆင်ပါ

အသည်းပုံမျက်နှာ ပိုင်ရှင်များအနေနဲ့ကတော့ မျက်မှန်ဝိုင်းများနဲ့ လိုက်ဖက်ပါတယ်။ မျက်နှာဝိုင်းသူများကတော့ လေးထောင့်ကျကျ မျက်မှန်များ ဝတ်ဆင်သင့်ပြီး စတုရန်းပုံမျက်နှာကျ ပိုင်ရှင်များကတော့ မျက်မှန်ဝိုင်းများနဲ့ လိုက်ဖက်ပါတယ်။ ဘဲဥပုံမျက်နှာပိုင်ရှင်များကတော့ မည်သည့်မျက်မှန်နဲ့မဆို လိုက်ဖက်ကြပါတယ်။

မျက်မှန် ၂ လက် (သို့) ၃ လက်ခန့် ဆောင်ထားပါ

ဒီလိုမျက်မှန်အပို ဆောင်ထားခြင်းက မတော်တဆ မျက်မျန်ပျောက်သွားတဲ့အခါမျိုး၊ မျက်မှန်ကျိုးသွားတဲ့အခါမျိုးမှာ ဒုက္ခမရောက်အောင် ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် သင်က မကြာခဏ ခရီးသွားနေရတဲ့သူမျိုးဆိုရင်တော့ မျက်မှန်အပို များများဆောင်ထားသင့်ပါတယ်။

မျက်မှန်ကိုင်းအတွက် ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲ

ပလပ်စတစ်နဲ့ နိုင်လွန်ကို အခြေခံထားတဲ့ မျက်မှန်ကိုင်းတွေကတော့ အရောင်တောက်သော မျက်မှန်ကိုင်းတွေအတွက် သင့်တော်ပါတယ်။ ပေါ့ပေါ့ပါးပါး မျက်မှန်ကိုင်းမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ တိုက်တေနီယံသတ္တုကိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။

ကိုယ့်မျက်မှန်ကို ကာကွယ်ပါ

ကိုယ့်မျက်မှန်ပေါ်မှာ အစင်းရာ ခြစ်ရာများ ပေါ်နေတဲ့အခါမျိုး၊ ပွန်းပဲ့ရာမျိုး ပေါ်နေတဲ့အခါမျိုးမှာ မျက်မှန်အသစ်လဲချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာနိုင်ပါတယ်။ ကိုယ့်မျက်မှန် ညစ်ပတ်နေခြင်းကလည်း သင့်ရဲ့အသွင်အပြင်ကို ထိခိုက်စေပြီး ဆွဲဆောင်မှု လျော့ကျစေပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မျက်မှန်ကို အမြဲတမ်းဂရုစိုက်ဖို့လိုပါတယ်။

မျက်မှန် သုတ်တဲ့အခါ အင်္ကျီစ၊ တစ်သျှူးများဖြင့် အလွယ်တကူ သုတ်လိုက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ မျက်မှန်ဘူးထဲက ပါတဲ့ နူးညံ့တဲ့ မိုက်ခရိုဖိုင်ဘာအဝတ်စဖြင့်သာ သုတ်ရပါမယ်။ ဒါမှ သင့်မျက်မှန်က ရေရှည်အသုံးခံမှာဖြစ်ပါတယ်။