အဝတ်အစား ရွေးချယ်ကြတဲ့အခါမှာလည်း ကိုယ်ရွေးချယ်တဲ့ အဝတ်အစားအရောင်က သိပ်ကိုအရေးပါပါတယ်။ ကြုံရာ အဆင်ပြေသလို ဝတ်ဆင်တာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်ပါက သင့်ကိုပိုပြီး ဖက်ရှင်ကျစေမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ သင့်ရဲ့ အသားရောင်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားဖက်ရှင်တွေကို ဘယ်လိုရွေးချယ်ဝတ်ဆင်သင့်လဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။

အသားဖြူသူ

အသားဖြူတဲ့သူတွေဟာ အရောင်တော်တော်များများနဲ့ လိုက်ဖက်မှုရှိတာတော့ ထူးခြားတဲ့ကံဇာတာလို့ပဲ ပြောရပါမယ်။ အဖြူရောင်၊ အမဲရောင် ၊ အပြာနုရောင် ၊ အညိုရောင် ၊ ပန်းရောင် ၊ ကာကီရောင် စတဲ့အရောင် တော်တော်များများနဲ့ ဝတ်ဆင်လို့ အဆင်ပြေပါတယ်။

ဒါ့အပြင် အရောင်အရင့်တွေနဲ့လည်း လိုက်ဖက်ပါတယ်။ လိမ္မော်ရောင်၊ ခရမ်းရောင် ၊ အနီရောင် စတဲ့ အရောင်တောက်တောက်တွေတော့ ရှောင်သင့်ပါတယ်။

အသားညိုသူ

အရှေ့တောင်အာရှသားတွေ တော်တော်များများမှာ အညိုဆင်တွေများပါတယ်။ အညိုဆင် အသားရေပိုင်ရှင်တွေအတွက် အလိုက်ဖက်ဆုံးအဝတ်အစား အရောင်တွေကတော့ သနပ်ခါးရောင် ၊ ကြက်သွေးရောင် ၊ အပြာရင့်ရောင်၊ အမဲရောင် စတဲ့ အရောင်လေးတွေ ဝတ်ဆင်ပေးသင့်ပါတယ်။

စစ်စိမ်းရောင်၊ အညိုရင့်ရောင်၊ စိမ်းဝါရောင်၊ အနီရောင်တွေကတော့ အသားညိုတဲ့သူတွေနဲ့ အနည်းငယ် လိုက်ဖက်မှုသိပ်မရှိတာကြောင့် ရှောင်ဝတ်သင့်တဲ့ အရောင်လေးတွေဖြစ်ပါတယ်။

အသားလတ်သူ

အသားလတ်သူ ဆိုတာကတော့ အရမ်းလည်းမဖြူ အရမ်းလည်းမညိုတဲ့ အသားရေပိုင်ရှင်တွေကို ပြောချင်တာဖြစ်ပါတယ်။ ဒီလိုအသားရေပိုင်ရှင်တွေကတော့  ကြက်သွေးရောင် ၊ အပြာရင့်ရောင် ၊ ကာကီရောင် ၊ အမဲရောင်၊  မီးခိုရောင် စတဲ့အရောင်လေးတွေနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

အသားလတ်တဲ့သူတွေအနေနဲ့ မော်ဒယ်စိမ်းရောင်၊ ခရမ်းနုရောင် စတဲ့ အရောင်ခပ်နုနုတွေကို ရှောင်ကြဉ်ပေးမယ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။