စိတ်ဖိစီးမှုဟာ ခေတ်ပေါ်လူနေမှုထဲက ခွဲထုတ်မရတဲ့ Lifestyle တစ်ခုလို ဖြစ်လာနေပါတယ်။ အလုပ်အကိုင်ဆုံးရှုံးမှု ၊ ကျန်းမာရေးအတွက် ပူပန်မှုနဲ့ ရပ်တည်ဖို့ ခဲယဉ်းလာခြင်း စတဲ့ စတဲ့ အကြောင်းတရားတွေဟာ သင့်ရဲ့ Stress Level ကို ထိုးတက်စေမှာ အမှန်ပါပဲ။

ကိုယ် ဘယ်လောက် စိတ်ဖိစီးနေပြီလဲ။ ကိုယ့်ရဲ့ Stress Level ဘယ်လောက်လဲ သိထားမယ်ဆိုရင် စိတ်ဖိစီးမှုကနေ သက်သာအောင် နေထိုင်ဖို့ သတိရမှာ ဖြစ်သလို ပိုပြီး ပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

ဒီတော့ Stress အနေအထားလေးတွေ စစ်လို့ရမယ့် ပုံစံလေးတွေ မျှဝေချင်ပါတယ်။

(၁) စိတ်ဖိစီးမှု ဇယား

Stress Chart တစ်ခု ကိုယ့်ဘာသာဆွဲပါ။ ကိုယ်က အချိန်တိုင်းလိုလို စိတ်ပင်ပန်းမွန်းကြပ်နေပြီး လူမှုဆက်ဆံရေးပါ ထိခိုက်လာနေပြီဆိုရင် အနီရောင်အဆင့် Stress Level ‌ရောက်နေပါတယ်။

ဆေးခန်းသွားပြီး စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ရယူဆွေးနွေးပါ။ လောလောလတ်လတ် ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုခုကြောင့် စိတ်ဖိစီးနေတယ် ခံစားရရင်တော့ အဝါရောင်အဆင့်ပါ။

ကိုယ့်အခက်အခဲကို ယုံကြည်လောက်တဲ့ မိတ်ဆွေသူငယ်ချင်းနဲ့ ဆရာသမားတွေဆီမှာ ရင်ဖွင့်ပြီး အဖြေရှာသင့်ပါတယ်။ ပုံမှန်သမရိုးကျကိစ္စလေးတွေကြောင့် စိတ်ဖိစီးနေတယ်။

ဒါပေမယ့်လည်း ဒီပြဿနာမျိုးက ဖြေရှင်းနိုင်မယ်ဆိုတာ ကိုယ့်ဘာသာလည်း သိနေတယ်ဆိုရင် ရင်ဆိုင်လိုက်ပါ။ သိပ်ကြောက်မနေပါနဲ့။ ဒါကတော့ အစိမ်းရောင်အဆင့်ပါပဲ။ စိုးရိမ်စရာမရှိပါဘူး။

(၂) Relaxing Song တွေ နားထောင်ကြည့်ပါ

ခေါင်းတွေ အုံကိုက်နေပြီး ဘာမှ အာရုံစိုက်မရဘူးလို့ ခံစားရရင် စိတ်ဖိစီးမှုတွေ မြင့်နေတဲ့ လက္ခဏာ ပြနေတာပါပဲ။ သေချာအောင် စိတ်ကို သက်တောင့်သက်သာ ဖြစ်စေမယ့် Relaxing Songs လေးတွေ နားထောင်ကြည့်လိုက်ပါ။ စိတ်ထဲမှာ ဖြေးဖြေးချင်း စိတ်သက်သာရာရသွားတယ်လို့ တွေ့ရရင် စိတ်ဖိစီးနေတာ သေချာပါပြီ။

(၃) ခန္ဓာကိုယ်က ပြောနေမယ်

စိတ်ဖိစီးမှု မြင့်လာရင် ညဘက်တွေ ကောင်းကောင်း အိပ်မပျော်တော့ဘူး။ အိပ်လိုက်ရင်လည်း လန့်လန့်နိုးမယ်။ အိပ်မက်ဆိုးတွေ မက်မယ်။ ခံတွင်းပျက်ပြီး ပါးစပ်နံနေမယ်။ ခေါင်းကိုက်ပြီး လူက အလိုလိုနေရင်း နုံးခွေနေမယ်။ ဆက်တိုက်ပင်ပန်းနေပြီး စကားတောင် ဟဟမပြောချင်တော့ဘူး။ Stress ရဲ့ လက္ခဏာတွေက အတော်များပါတယ်။

ခြုံပြောရရင် စိတ်ဖိစီးမှု ဖြစ်လာရင် လူပါချွတ်ခြုံကျသွားမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပင်ပန်းလာပြီလို့ ခံစားရရင် အနားယူပါ။ ဖက်ရှင်သစ်နဲ့ နေပါ။ ပတ်ဝန်းကျင်သစ် ခဏပြောင်းကြည့်ပါ။

Social Network တွေ ဖြတ်ထားပြီး သဘာဝကြီးထဲမှာ နေကြည့်ပါ။ စိတ်ဖိစီးမှုဟာ ရေရှည်မှာ ပိုပြီးဆိုးဝါးတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ဦးတည်လာနိုင်တာဖြစ်လို့ မပေါ့ဆဖို့ အကြံပေးချင်ပါတယ်။