ကိုယ် ကြိတ်ခရက်ရှ်နေတဲ့သူနဲ့ မက်ဆေ့ချ်လေးပို့ရင်း စကားစမြည်ပြောချင်ပေမယ့် မဝံ့မရဲဖြစ်နေတဲ့သူများအတွက် အသုံးတည့်စေမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အရင်ဦးဆုံး သူ့ကို ဘယ်လိုသိလဲ မိတ်ဆက်ပါ

သူ့ကို တစ်နေရာရာမှာ တွေ့ဖူးတာလား။ ဒါမှမဟုတ် အသိတစ်ယောက်ရဲ့ မိတ်ဆွေအဖြစ် သိတာလား စသည်ဖြင့် မိတ်ဆက်ပေးလိုက်ပါ။ သင့်ရဲ့မိတ်ဆက်မှုက သူ့ရဲ့မှတ်ဉာဏ်ထဲမှာ စွဲထင်သွားစေဖို့ အရေးကြီးပါတယ်။

မပြောသင့်တဲ့စကားများ

ထမင်းစားပြီးပြီလား၊ နေကောင်းလား၊ ဘာလုပ်နေလဲ စတဲ့စကားတွေက ဒိတ်အောက်သွားပါပြီ။ တစ်ဖက်လူအတွက်လည်း စိတ်ဝင်စားစရာမကောင်းသလို သင် ပြောချင်တဲ့စကားကိုလည်း ရှေ့ဆက်ပြောလို့မရအောင် အတားအဆီးဖြစ်စေပါတယ်။ ဒါ့ကြောင့် ထိုစကားများကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

သူ့ဆီက ပြန်စာမရောက်တဲ့အခါ မက်ဆေ့ချ်တွေ ဆက်တိုက်မပို့ပါနဲ့

သူက ဒီနေ့ စာမပြန်ဖြစ်ဘူးဆိုရင်လည်း မနက်ဖြန် (သို့) သန်ဘက်ခါလောက်မှာ စာပြန်ပါလိမ့်မယ်။ သင့်ဘက်က သူနဲ့ အလွန်အမင်း စကားပြောချင်နေတဲ့ပုံ မပေါက်ပါစေနဲ့။

သူ့ကို သဘောကျတယ်လို့ ချက်ချင်းမဖွင့်ပြောလိုက်ပါနဲ့

သူနဲ့ စကားပြောနေစဉ်မှာ သင့်ရဲ့ခံစားချက်များကို အကြမ်းချရေးထားသလိုပဲ ရင်ထဲမှာ အကြမ်းရေးထားပါ။ သင့်အနေနဲ့ ချက်ချင်းကို သူကို ချစ်ကြောင်း ကြိုက်ကြောင်းသွားပြောနေရင် သူက ကြောက်လန့်ပြီး ထွက်ပြေးသွားနိုင်ပါတယ်။

သူ့ရဲ့ သင့်အပေါ်ထားရှိတဲ့ ခံစားချက်များလည်း တရိပ်ရိပ် ကြီးမားလာအောင် အချိန်ယူပေးဖို့ လိုအပ်ပါတယ်။

သူက သင့်ကို မေးခွန်းတွေ မေးလာအောင် ပြုလုပ်ပါ

သူ့ဘက်ကနေ သင့်ကို မေးခွန်းတွေ မေးလာတဲ့အခါ သူကလည်း သင့်ကို စိတ်ဝင်စားနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလိုမေးလာဖို့ရန်အတွက်လည်း အတင်းလုပ်ယူလို့မရပါဘူး။ သူ့အလိုလိုဖြစ်လာမှာဖြစ်ပါတယ်။

တကယ်လို့ သူက ဖြေပဲဖြေနေတယ် သင့်အပေါ်မှာ ဘာမေးခွန်းမှ မမေးဘူးဆိုရင်တော့ အခြေအနေမကောင်းသေးပါဘူး။ ဒီ့ထက်ပိုပြီး သူ့အာရုံကို ဖမ်းစားနိုင်အောင် ကြိုးစားဖို့လိုပါသေးတယ်။

သူ စိတ်ဝင်စားနိုင်လောက်တဲ့ အကြောင်းအရာမျိုးနဲ့ အစပြုပြီး သူ့ရဲ့စိတ်အာရုံကို ရယူပိုင်ဆိုင်နိုင်ပါတယ်။ သင်တို့နှစ်ယောက်ကြား စကားပြောတဲ့အခါ ပျင်းခြောက်ခြောက်ကြီး မဖြစ်ပါစေနဲ့။