မင်္ဂလာပါ… ပျိုမဒီတို့ရေ…. လက်သည်းဆိုးထားသည်ဖြစ်စေ လက်သည်းဆိုးဆေးမပါဘဲဖြစ်စေ လှပပြီးကျန်းမာတဲ့လက်သည်းတွေကို လူတိုင်းက ပိုင်ဆိုင်လိုကြပါတယ်။ ဒါပေမယ့် အရာအားလုံးနီးပါးလုပ်နေရတဲ့ လက်ကို သေချာဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။

မျက်နှာနဲ့အသားအရေကို ဂရုစိုက်သလို လက်နဲ့လက်သည်းကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဂရုမစိုက်မိတဲ့အခါ မှို သို့မဟုတ် ဘက်တီးရီးယားပိုးမွှားများဖြစ်နိုင်ပြီး ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

လက်သည်းများကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

လက်သည်းများကို ပုံမှန်ဆေးကြောသန့်စင်တာက လက်သည်းအောက်မှာရှိတဲ့ ဖုန်မှုန့်များနဲ့ ဘက်တီးရီးယားပိုးမွှားများ စုပုံလာမှုကို တားဆီးပေးနိုင်ပေမယ့် ဆေးပြီးတိုင်း လက်ကို ခြောက်အောင်ထားဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ရေစိမ်တာများတဲ့ လက်သည်းတွေက ကွဲထွက်နိုင်လို့ပါ။

လက်သည်းကိုက်ခြင်းမှ ရှောင်ကြဉ်ပါ

လက်သည်းကိုက်တာက လက်ချောင်းတွေကနေ အညစ်အကြေးတွေကို ပါးစပ်ဆီပို့ပေးတဲ့အပြင် တံတွေးက လက်သည်းတွေကို ပျော့ပျောင်းစေပြီး ကြွပ်ဆတ်စေတာကြောင့် လက်သည်းကိုပျက်စီးစေနိုင်ပါတယ်။

လက်သည်းပုံမှန်ညှပ်ပေးပါ

လက်သည်းခြေသည်းတွေကို ပုံမှန်ညှပ်ပေးတာက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါကြောင့် မကြာမကြာ ညှပ်ပေးပါ။

Cuticles များကို ဂရုစိုက်ပါ

လက်သည်းရဲ့ Cuticles တွေက သိမ်မွေ့ပြီး ပေါက်ပြဲလွယ်ပါတယ်။ Cuticles တွေကို သေချာဂရုစိုက်တာက လက်သည်းထိန်းသိမ်းမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ပဲ့သွားတာမျိုးဖြစ်ရင် အသာလေးညှပ်ထုတ်ပါ။

လက်သည်းဆိုးဆေးကို မခြစ်ပါနဲ့

ဆိုးထားတဲ့လက်သည်းနီတွေကို မဖျတ်ဘဲခြစ်ထုတ်ဖို့ မကြိုးစားပါနဲ့။ အဲဒီအစား လက်သည်းဖျတ်ဆေးကို အသုံးပြုပါ။ခြစ်ထုတ်တာက လက်သည်းမျက်နှာပြင်ကို ကြမ်းတမ်းပြီး ပျက်စီးစေပါတယ်။

လက်အိတ်ဝတ်ပါ

သန့်စင်ဆေးရည်အများအပြားမှာ ဓာတုပစ္စည်းများပါဝင်တာကြောင့် ထိတွေ့မိရင် လက်သည်းများကို အန္တရာယ်ဖြစ်စေပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စများလုပ်မယ်ဆို လက်အိတ်ဝတ်ပါ။