ဗိုက်မှာ အဆီစုနေခြင်းဟာ ကျန်းမာရေးအတွက်သာမက လူမှုရေးမှာလည်း အနည်းနဲ့အများ စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။

ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။

ဒီနေ့ အဆီကျစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။

ကစီဓာတ် လျှော့စားပါ

ကစီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ တစ်နေ့တာခွန်အားတွေကို ပေမယ့် စားစုံးမူ များလာတဲ့အခါမှာ အဝလွန်နိုင်ခြေ မြင့်တက်လာပါတယ်။ ကိုယ်တွင်းအဆီကျချင်ရင် ကစီဓာတ်ကို လျှော့စားပေးပါ။ ဒီလိုမှမဟုတ်ရင်လည်း ကစီဓာတ်နည်းတဲ့ အစားအသောက်တွေကို ရွေးစားပေးပါ။

ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အာလူးကြော်၊ သကြားအပြင် ဘီယာတွေမှာ carbohydrate လို့ ခေါ်တဲ့ ကစီဓာတ်တွေ အများအပြားပါဝင်တာကြောင့် အဆီကျဆင်သူတွေအနေနဲ့ လျှော့စားသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

Gym ဆော့တာ၊ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ စတဲ့ အဆီကျစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးလို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးတဲ့အခါ ကိုယ်တွင်းအဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေတယ်။

ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ သွေးထဲက သကြားဓာတ်တွေ၊ မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေတာကြောင့် နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းပါရစေ။

အချိုလျှော့စားပါ

အချိုစားသုံးမှုများခြင်းဟာ အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သကြားအလွန်အကျွံ အသုံးပြုထားတဲ့ မုန့်ပဲသရည်စာတွေ၊ ဖျော်ရည်တွေ၊ အအေးတွေဟာ အဝလွန်ခြင်းကို ဖြစ်စေတဲ့ သကြားပါဝင်မှုများတဲ့ အချိုမုန့်တွေ၊ အအေးတွေ စားသောက်မှု များလာတဲ့အခါမှာ သွေးတွင်း fructose ဓာတ်ပေါင်း ပမာဏ များလာပါတယ်။

အသည်းက ကောင်းကောင်းမချေဖျက်နိုင်တော့တဲ့အခါမှာ အဲ့ဒီဓာတ်ပေါင်းတွေဟာ အဆီအဖြစ်ကို ပြောင်းလဲသွားတယ်။ ဒီအခါမှာ ဝမ်းဗိုက်နဲ့ အသည်းမှာ အဆီဖုံးသွားပါတော့တယ်။

အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာတယ်။ အချိုဓာတ်ဟာ ကယ်လိုရီစားချင်စိတ်ကို နှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုပိုစားရင်းနဲ့ လူတွေဟာ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုပါတယ်။