တစ်စုံတစ်ယောက်နဲ့ချစ်နေကြတဲ့အချိန်၊ အဆင်ပြေပြေနဲ့ လက်တွဲနေကြတဲ့အချိန်မှာတော့ ပျော်ရွှင်စရာကောင်းခဲ့ပေမယ့် တစ်ဖက်လူက ပြောင်းလဲသွားပြီး ကိုယ့်ကိုမလိုအပ်တော့တဲ့အခါ၊ မချစ်တော့တဲ့အခါ၊ ရုတ်တရက် တစ်ယောက်ထဲဖြစ်သွားတဲ့အခါမှာ အချိန်တစ်ခုထက်ပိုပြီး ပူဆွေးဝမ်းနည်းမနေပဲ၊ ပြိုလဲမသွားပဲ ခံနိုင်ရည်ရှိဖို့ ကူညီပေးနိုင်တဲ့အရာတချို့ ရှိပါတယ်။

ကိုယ့်အပေါ်ပြောင်းလဲသွားတာကို သိသိရက်နဲ့ ဖြည့်တွေးပြီး မျှော်လင့်မနေပါနဲ့။ မျှော်လင့်ချက်မထားပါနဲ့။ အရှိကိုအရှိအတိုင်း လက်ခံပေးလိုက်ပါ။ ထွက်သွားတဲ့သူက မနေချင်လို့ထွက်သွားခဲ့ပြီမို့ ဆွဲထားရင် ကိုယ်ပဲပင်ပန်းပါလိမ့်မယ်။ အဆင်ပြေနေကြတုန်းကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ချစ်ခဲ့ကြတာမို့ ကိုယ့်အနားမနေချင်လို့ ထွက်သွားတဲ့အခါမှာလည်း လက်လွှတ်ပေးလိုက်တာက ကိုယ့်အတွက် စိတ်ပေါ့ပါးသွားစေပါတယ်။

လူတိုင်းက အရင်ကတည်းကလည်း တစ်ယောက်ထဲနေလာရတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် တစ်ယောက်ထဲပြန်နေဖို့ဆိုတာ အရမ်းတော့မခက်ခဲပါဘူး။ အဓိကက ကိုယ့်စိတ်ကို Control လုပ်နိုင်ဖို့ပဲ လိုပါတယ်။

သူနဲ့မတွေ့ခင်က ပျော်ရွှင်ခဲ့တဲ့ကိုယ်ပုံစံလေးအတိုင်း ပြန်နေသွားပါ။ ကိုယ်ချစ်တဲ့သူက ထွက်သွားတဲ့အခါ ရုတ်တရက် ဘာမှမရှိတော့သလို၊ လစ်ဟာသွားသလို ခံစားရမှာပါပဲ။ ဝမ်းနည်းပါ။ နာကျင်ပါ။ ကိုယ့်ကိုယ်ကို မာကျောတဲ့သူတစ်ယောက်လို ချက်ချင်းကြီး လုပ်ယူစရာမလိုပါဘူး။ ဒီလိုလုပ်တာက သင့်အတွက် ပိုပြီးတော့ နာကျင်ရပါလိမ့်မယ်။ ဒါကြောင့် ၂ ပတ်ကနေ ၁ လလောက်အထိ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ဝမ်းနည်းလိုက်ပါ၊ ငိုချလိုက်ပါ၊ ခံစားလိုက်ပါ။ အသည်းကွဲချင်ကွဲလိုက်ပါ။

အချိန်အကြာကြီး ဝမ်းနည်းပြီး ခံစားနေဖို့တော့ မတန်ပါဘူး။ ဝမ်းနည်းဖို့ အချိန်တစ်ခုပေးပြီးပြီမို့ ပြန်လည်တည်ဆောက်ဖို့ စတင်ပါတော့။ အရင်ကပျော်ရွှင်ခဲ့တာတွေထက် ပိုပျော်ရွှင်အောင်နေသွားပါ။ ရုတ်တရက် တစ်ယောက်ထဲဖြစ်သွားတဲ့ အပြောင်းအလဲကို လက်ခံပြီး ဝမ်းနည်းသင့်သလောက်လည်း ဝမ်းနည်းပြီးပြီမို့ ခံနိုင်ရည်ရှိသင့်ပါပြီ။ ပြတ်သွားတဲ့ကြိုးတစ်ချောင်းကို ပြန်မဆက်ချင်ပါနဲ့။ ပြန်ဆက်နေလည်း အရင်လိုပြန်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် လူတစ်ယောက်က ကိုယ့်အနားမှာမနေချင်လို့ ထွက်သွားပြီဆိုတာနဲ့ ဘာမှမစဉ်းစားပါနဲ့တော့ မေ့ပစ်လိုက်ဖို့ ကြိုးစားရမှာ ကိုယ့်တာဝန်ပါပဲ။ မြန်မြန်မေ့ပစ်နိုင်လေ ကိုယ့်အတွက် နာကျင်မှုတွေ လျော့နည်းလာလေပါပဲ။

photo source: www.pinterest.com