လူတိုင်းလူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါတော့ အသည်းကွဲဖူးကြမယ်ထင်ပါတယ်။ အသည်းကွဲဝေဒနာဟာ ပထမဆုံးအကြိမ် နဖူးတွေ့ ဒူးတွေကြုံရတဲ့အချိန်မှာ တကယ့်ကို အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာပါ ထိခိုက်မှုတွေရှိလာတဲ့အထိ ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် စာဖတ်သူအနေနဲ့ အသည်းကွဲဝေဒနာခံစားနေရတယ်ဆိုရင် ဒီလိုအခြေအနေကနေ ကိုယ့်ကိုယ်ကိုအကောင်းဆုံး ဘယ်လိုပြန်လည်ကုစားရမလဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ငိုချင်ငို ရယ်ချင်ရယ်လိုက်ပါ

အသည်းကွဲဝေဒနာ ခံစားနေရချိန်မှာ ခံစားချက်တွေကို ပိတ်လှောင်ဖုံးကွယ်မထားသင့်ပါဘူး။ ခံစားချက်တွေကို ပိတ်လှောင်ထားပြီး ပိုပြီးမွန်းကျပ်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ငိုချင်ရင်ငိုချလိုက်ပါ။ ရယ်ချင်ရင်ရယ်လိုက်ပါ။

အချိန်တန်ရင် သည်ခံစားနေရတဲ့ အရာအားလုံးက ပြီးဆုံးသွားမှာဖြစ်တာကြောင့် ခံစားချက်တွေကို လွှတ်ချထားလိုက်ပါ။ ဒါဆိုသင်ခံစားနေရတဲ့ ဝေဒနာတွေပေါ့ပါးသွားပါလိမ့်မယ်။

(၂) နောက်ကြောင်းပြန်မလှည့်ပါနဲ့

နောက်ကြောင်းပြန်လှည့်တယ်ဆိုတာ သူ့ကိုမခွဲနိုင်ကြောင်း သွားပြောနေတာမျိုးမှ မဟုတ်ပါဘူး။ ပြီးဆုံးသွားတဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဘာကိုမှ နောက်ကြောင်းကိုပြန်လှည့်တာတွေ မလုပ်သင့်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဥပမာ ရည်းစားဟောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရတွေပြန်ကြည့်နေမိတာ လမ်းခွဲလိုက်တဲ့အပေါ် အမှားအမှန်ပြန်လည်သုံးသပ်နေတာ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေကိုရှာကြည့်နေမိတာမျိုးတွေကို လုံးဝရှောင်သင့်ပါတယ်။

(၃) အာရုံလွှဲလိုက်ပါ

အရင်ဆုံးလုပ်ရမှာတစ်ခုက သင်ရဲ့အချစ်ရေးက အဆုံးသတ်သွားပြီဆိုတာကို လက်ခံလိုက်ပါ။ သူ့ကို လွမ်းတဲ့စိတ်တွေ ဖုန်းခေါ်လိုက်ချင်တဲ့စိတ်တွေ စကားသွားပြောချင်တဲ့စိတ်တွေ ဖြစ်လာတဲ့အချိန်မှာ တခြားသောအရာတွေနဲ့ သင့်ရဲ့စိတ်တွေကိုအာရုံလွဲထားလိုက်ပါ။

သူငယ်ချင်းတွေနဲ့ အချိန်များများ ကုန်ဆုံးတာမျိုး ဝါသနာပါတဲ့အရာလေးတွေ လုပ်ဆောင်တာမျိုး စတဲ့အချက်တွေနဲ့ သင့်ကိုယ်သင်အာရုံလွဲလိုက်ရင် အသည်းကွဲဝေဒနာခံစားရခြင်းမှ သက်သာပါလိမ့်မယ်။

(၄) စိတ်ရောကိုယ်ပါ ပြန်လည်တည်ဆောက်ပါ

အသည်းကွဲခြင်းရဲ့နောက်ကွယ်မှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ခန္ဓာကိုယ်ကိုကောင်းစွာ ဂရုစိုက်ဖို့လိုအပ်ပြီး ကိုယ့်ရဲ့စိတ်ရောခန္ဓာကိုယ်ကိုပါ ကျန်းမာအောင်ပြန်လည်တည်ဆောက်သင့်ပါတယ်။

အစားပုံမှန်စားမယ် အာဟာရရှိတာတွေစားမယ် လေ့ကျင့်ခန်းတွေလုပ်မယ် လုံလုံလောက်လောက်အိပ်စက်အနားယူမယ်စတဲ့အရာတွေလုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုကျန်းမာတဲ့လူတစ်ယောက်အဖြစ်ပြန်လည်တည်ဆောက်သင့်ပါတယ်။