ဘယ်အလုပ်ခွင်ပဲရောက်ရောက် ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအဖြစ် နာမည်ကောင်းရချင်ပါသလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် အချက်တွေလိုက်နာပြီး အလုပ်မှာ ပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်အဖြစ် ကိုယ့်ရဲ့ ပုံရိပ်ကိုတည်ဆောက်လိုက်ပါ။

(၁) ရုံးစောစောသွားပါ

ရုံးနောက်ကျတယ်ဆိုတာ တစ်ကြိမ်နှစ်ကြိမ်ထက်ပိုပြီး မဖြစ်သင့်တဲ့ အရာတစ်ခုပါ။ ဒီနေ့ကိုယ်ရုံးရောက်တာ နောက်ကျရင် နောက်နေ့မှာ အိမ်ကနေ ပိုစောပြီးထွက်သင့်ပါတယ်။

ရုံးချိန်မတိုင်ခင် နာရီဝက်တစ်နာရီအလိုလောက်အထိ စောသွားဖို့ မလိုအပ်ပေမယ့်လည်း အနည်းဆုံး ၁၅ မိနစ်လောက်ကြိုရောက်နေသင့်ပါတယ်။ ရုံးစောစောရောက်ခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေသလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

(၂) အလုပ်စားပွဲကိုပြင်ဆင်ပါ

အလုပ်စားပွဲကို သန့်ရှင်းသပ်ရပ်စွာ ထားခြင်းဟာလည်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းတို့ရဲ့ ကျင့်ထုံးတစ်ခုဖြစ်ပါတယ်။ မနက်ရုံးရောက်တာနဲ့ အလုပ်စားပွဲကို အရင်ဆုံးပြင်ဆင်သင့်ပြီး စာရွှက်စာတမ်း ကွန်ပြူတာ တခြားသော စာရေးကိရိယာပစ္စည်းများ ဖိုင်များ စသည်ဖြင့် အရာအားလုံးကို သူနေရာနဲ့သူ အလွယ်တကူယူလို့ရအောင် သေသေသပ်သပ်ထားသင့်ပါတယ်။

အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်ထားခြင်းက အလုပ်လုပ်ရတာ ပိုပြီးကောင်းစေသလို အလုပ်ပြီးမြောက်မှုလည်း ပိုမိုမြန်ဆန်စေပါတယ်။

(၃) အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ

ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့ အရည်အချင်းတစ်ခုက အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကို သင်တစ်ယောက်တည်း လုပ်ဆောင်ခြင်းထက် အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်ခြင်းက အလုပ်ပိုမိုပြီးမြောက်အောင်မြင်စေမှာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းတိုင်းလိုလို မိမိတစ်ကိုယ်တည်း နာမည်ကောင်းယူခြင်းထက် အသင်းအဖွဲ့နဲ့ လုပ်ဆောင်ပြီးရရှိလာတဲ့ အောင်မြင်မှုကို ပိုနှစ်သက်မက်မောကြပါတယ်။

(၄) တာဝန်ယူမှုတာဝန်ခံမှုရှိပါ

ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတို့မည်သည် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြပါတယ်။ အမှားလုပ်မိရင်လည်း တောင်းပန်စကားပြောဖို့ဝန်မလေးသလို ချီးကျူးထိုက်သူကိုလည်း ဂုဏ်ပြုစကားဆိုဖို့ဝန်မလေးကြပါဘူး။

အလုပ်ခွင်မှာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါကလား တခြားသူတွေအပေါ် အပြစ်တင်ခြင်း ပုံချခြင်းထက် ကိုယ်တိုင်တည်ငြိမ်စွာပဲ ဖြေရှင်းရမယ့်နည်းလမ်းကိုရှာကြတာဖြစ်ပါတယ်။ ဒါကြောင့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းကောင်းဖြစ်ချင်ရင် တာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်။