နေ့ရက်တိုင်း ပျော်ရွှင်လန်းဆန်းစွာ နိုးထဖို့ဆိုတာ သိပ်တော့မလွယ်လှပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ နေလို့သိပ်မကောင်းဘူး Mood မကောင်းဘူးလို့ ခံစားရတဲ့အခါ သက်သာအောင် ဒါမှမဟုတ် တခါတလေ ပြန်ကောင်းလာအောင် လုပ်လို့ရတဲ့နည်းလမ်းတွေတော့ရှိပါတယ်။

အဓိကက သင့်စိတ်သဘောထားကို ပြောင်းလိုက်ဖို့ပါပဲ။ ဒါဆိုအောက်မှာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) နာရီနှိုးစက်မပေးပါနဲ့

နှိုးစက်ပေးပြီး အိပ်ယာထတာဟာ သင့်ကိုယ်သင် ယုံကြည်မှုလျော့နည်းစေပါတယ်။ နှိုးစက်ပြန်ပိတ်ပြီး နောက်ထပ် ၁၅ မိနစ်လောက် ထပ်အိပ်တာ၊ နှိုးစက်ကို ၁၀ မိနစ်ခြားတခါ Alarm ပေးဖို့ လုပ်ထားတာတွေက မကောင်းတဲ့စိတ် ခံစားချက်ဖြစ်အောင် အစပြုလိုက်သလိုပါပဲ။

ဒါက တနေ့တာရဲ့အစမှာပဲ သင့်ကိုသင်ပေးထားတဲ့ကတိတခုကို ဖောက်ဖျက်လိုက်သလို ခံစားရစေပါတယ်။ နိုးစက်မပေးဘဲ ထနိုင်အောင်လုပ်ပါ။

(၂) မနက်ခင်းလေ့ကျင်ခန်း အနည်းငယ်လုပ်ပါ

မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ မနက်တိုင်း ၅ နာရီလောက် ထပြေးဖို့လိုတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အဲ့လောက်မလိုပဲ မိနစ်အနည်းငယ်မှာပဲလုပ်လို့ရတဲ့ သင့်စိတ်ကိုလန်းဆန်းစေမယ့် လေ့ကျင့်ခန်းတွေရှိပါတယ်။

(၁) ၃မိနစ်အတွင်း ဒိုက်ထိုး (pushups) အကြိမ်များများလုပ်ပါ။ (၂) သင့်ရပ်ကွက်တစ်ပတ် ၁၀ မိနစ်ခန့်မြန် မြန်လမ်းလျှောက်ပါ။ (၃) ထိုင်ထနဲ့ ဒိုက်ထိုး ၂မိနစ်ခြားတလှည့်စီလုပ်ပါ။ (၄) နံရံမှီပြီး ထိုင်တဲ့ပုံ (Wall Sit post) လုပ်ပါ။ အားလုံးကို တစ်ပတ်တစ်ရက်စီ အလှည့်ကျလုပ်ပေးလို့ရပါတယ်။

(၃) ဈေးဝယ်ရင်း စကားစမြည်ပြောပါ

လူတွေဟာ လူမှုအသိုက်အဝန်းနဲ့ နေကြတဲ့သူတွေဖြစ်တဲ့အတွက် အချင်းချင်းဆက်သွယ်ပြောဆိုမှု ရှိဖို့လိုအပ်ပါတယ်။ သင်ဈေးဝယ်တဲ့အခါ ဖုန်းကိုပဲကြည့်မနေဘဲ အနီးနားက အရောင်းဝန်ထမ်းနဲ့ဖြစ်ဖြစ် စကားပြောကြည့်ပါ။

ဘဏ်မှာတွေ့တဲ့ ဘဏ်ဝန်ထမ်းပဲဖြစ်ဖြစ်၊ သင့်ရဲ့ဖောက်သည်ပဲဖြစ်ဖြစ်၊ ဖုန်းထဲက အရောင်းမြှင့်တင်ရေးသမားပဲ ဖြစ်ဖြစ် ရာသီဥတုအကြောင်း၊ အားကစားအကြောင်း စကားစမြည်ပြောလို့ပါတယ်။ ဒီလိုရိုးရှင်းတဲ့ ဆက်သွယ် ပြောဆိုမှုလေးတွေက ပိုကောင်းတဲ့စိတ်ခံစားချက်ရဖို့ အခြေခံအချက်လေးတွေပါပဲ။

(၄) သီချင်းနားထောင်ပါ

စိတ်ခံစားချက်ကိုမြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းတခုကတော့ သီချင်းနားထောင်ရင်း အနားယူတာပါ။ နေ့စဉ်စိတ်ဖိစီးမှုတွေကနေ ခဏရပ်လိုက်ပြီး ၁၅ မိနစ်လောက် သင့်စိတ်နဲ့ခန္ဓာကိုယ်တခုလုံးကို သင့်အကြိုက်ဆုံး သီချင်းတွေထဲမှာ နစ်မြောပြစ်လိုက်ပါ။

ကောင်းတဲ့အချိန်ကတော့ နေ့လည်ခင်းခနနားချိန်ဖြစ်ပြီးတော့ သီချင်းနားထောင်တဲ့အခါ နားကျပ်ကောင်းကောင်း အသုံးပြုဖို့တော့မမေ့ပါနဲ့။