သင်က တစ်နေ့ချင်းစီကို သေချာ အာရုံစိုက်ပြီး ကြိုးစားနေမှ အနာဂတ် သင်က နေရာကောင်းတစ်ခုကို ရောက်မှာပါ။ အနာဂတ်မှာ ပိုကောင်းတဲ့ ဘဝတစ်ခုကို ရောက်ဖို့ လက်ရှိအချိန်တည်းက ကြိုးစားနေဖို့ လိုပါတယ်။ သင့်အနေနဲ့ တစ်နေ့ထက် တစ်နေ့ ပိုတော်လာပြီး ပြောင်းလဲတဲ့ လူတစ်ယောက် ဖြစ်လာဖို့ လုပ်သင့်တဲ့အရာတွေ ရှိပါတယ်။ ဒီအရာတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ စူးစမ်းလေ့လာမှု ရှိပါ

သင်က သင့်အထာနဲ့ သင် နေပြီး ကိုယ်နဲ့ မဆိုင်ရင် ဘာမှ မလေ့လာတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အရာမဆို တစ်ချိန်ချိန်မှာ အသုံးဝင်လာတတ်ပါတယ်။ သင့်အနားမှာ ရှိတဲ့ အရာအားလုံးကို သတိပြု လေ့လာနေသင့်ပါတယ်။ ကမ္ဘာကြီးက ဥပမာ များစွာ၊ အိုင်ဒီယာများစွာ၊ စကားလုံးများစွာ၊ အသိဗဟုသုတပေါင်းများစွာ၊ အမှား၊ အတွေ့အကြုံ များစွာနဲ့ ပြည့်နှက်နေပါတယ်။

၂။ အတွေးသစ်တွေကို စုဆောင်းပါ

သင့်ခေါင်းထဲ ထွက်လာတတ်တဲ့ အိုင်ဒီယာသစ်တွေက သင့်စိတ်ထဲကနေ အမြန် ပျောက်ကွယ်သွားတတ်ပါတယ်။ နောက်မကျခင် သင့်အိုင်ဒီယာတွေကို ဖမ်းဆုပ်တတ်ဖို့ လိုပါတယ်။ သင့်ဆီက ထွက်လာတဲ့ အိုင်ဒီယာတိုင်းကို ချရေးတာမျိုး လုပ်သင့်ပါတယ်။

၃။ စာဖတ်ပါ

များများ စာဖတ်ဖို့ မမေ့သင့်ပါဘူး။ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စာဖတ်တာလည်း ပါဝင်ပါတယ်။ တစ်နေ့မှာ စာဖတ်တဲ့အချိန်ကို မိနစ် ၃၀ ထားပေးသင့်ပါတယ်။ ပြောရရင် သင့်နားမှာ စာအုပ်တစ်အုပ် အမြဲဆောင်ထားသင့်ပါတယ်။

၄။ သင့်တစ်နေ့တာကို ပြန်လည် သုံးသပ်ပါ

အိပ်ရာမဝင်ခင် အနည်းဆုံး ၁၀ မိနစ် အချိန်ပေးကာ သင့်တစ်နေ့တာကို ပြန်လည် သုံးသပ်ပေးသင့်ပါတယ်။ ဘယ်အရာတွေကို သင်ပြီးအောင် လုပ်နိုင်ခဲ့လဲ၊ သင့်အမှား ဘာတွေရှိလဲ၊ ရှေ့လျှောက် ဒီအမှား မဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ စဉ်းစားသင့်ပါတယ်။

၅။ စာရေးပါ

သင့်အတွေးထဲ ဖြစ်နေတာတွေ၊ သင့်အစီအစဉ်တွေကို စာအုပ်ထဲ ချရေးသင့်ပါတယ်။ စာရေးတာရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ အရင်ထက် စည်းကမ်းပိုရှိလာတာပါ။ ဒါ့အပြင် စာရေးတာကြောင့် အတွေးတွေ ပိုအစီအစဉ်ကျလာပါလိမ့်မယ်။ အရင်က တောင်ရောက်မြောက်ရောက် အတွေးတွေက စာများများ ရေးဖြစ်ပြီးနောက် မှာတော့ စနစ်တကျ ဖြစ်လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar