အချစ်ခံရတဲ့ဘဝကြီးက အမြင်ကပ်ခံရတဲ့ဘဝထက်စာရင်တော့ အဆပေါင်းများစွာသာတာပေါ့နော်။ ဒါပေမဲ့ အဲ့လိုလူတိုင်းလိုလို အချစ်ခံရဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကိုယ်ကဘယ်လိုပေါင်းလို့ကောင်းတာ၊ ဘယ်လိုလိုက်လျောညီထွေရှိတာစသဖြင့် ကောင်းသတင်းမွှေးလေလေ ဘဝတက်လမ်းအတွက် အထောက်အကူဖြစ်လေလေပါပဲ့။

ကဲ…လူအများအချစ်ခံရတဲ့ သူဖြစ်အောင် လိုက်နာကျင့်ဆောင်သင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေက ဘာတွေများဖြစ်နေမလဲဆိုတာ အတူတူကြည့်လိုက်ကြရအောင်။

တူညီမှုကို ရှာပါ

အလွယ်ကူဆုံးနည်းလမ်းပါပဲ။ ခွေးချစ်တတ်တဲ့သူနဲ့ခွေးအကြောင်းပြော၊ ရုပ်ရှင်ချစ်တတ်သူနဲ့ရုပ်ရှင်အကြောင်းပြောပေါ့။ သင်ဘာမှမသိလည်း နားထောင်ပေးလို့ရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို သင်စိတ်မဝင်စားဘူးဆိုရင်တောင် ခဏလောက်ပဲဖြစ်ဖြစ် ဟန်ဆောင်နားထောင်ပေးလိုက်ပါ။ ဒါမှသင်တို့နှစ်ယောက်ကြားက ရင်းနှီးတွေ တိုးတက်လာမှာပါ။

အကောင်းဘက်က တွေးပြောပါ

စကားပြောနေတဲ့သူကို ကန့်လန့်တိုက်ပြီးလိုက်မပြောပါနဲ့။ သူကဒီအစားအစာ စားကောင်းတယ်လို့ပြောရင် သင်ကအဲဒီအစားအစာကို အပြစ်ပြောပြီး တခြားအစားအစာအကြောင်း ထပ်ပြောလိုက်မယ်ဆို တခြားသူရဲ့ရွေးချယ်မှုကို ရှုံု့ချရာကျသွားပါတယ်။ ဒီနေရာလေးကသာယာလိုက်တာလို့ပြောရင် တခြားနေရာကပိုကောင်းကြောင်းပြောတာတွေစသဖြင့် အမြဲဆန့်ကျင်ဘက်တွေကြီးလိုက်ပြောနေမယ်ဆို သင့်ကိုဆရာလုပ်တယ်လို့ထင်ပြီး လူအမြင်ကပ်သွားပါလိမ့်မယ်။ ဒါကြောင့်အကောင်းဘက်ကနေသာ ရေလိုက်ငါးလိုက်ပြောပေးပါ။

နားထောင်ပေးတတ်တဲ့သူလည်း ဖြစ်ပါစေ

လူတွေက ကိုယ့်ကိုယ်ကိုယ်သာ စိတ်အဝင်စားဆုံးပါ။ (၂၄) နာရီလုံးလုံး သင့်ဒရမ်မာတွေ၊ သင့်အတွေ့အကြုံတွေကြီး နားထောင်ပေးနေရအောင် ဘဝကရုပ်ရှင်မဟုတ်ပါဘူး။ တခြားသူပြောတာကိုလည်း နားထောင်ပေးပါ။ ကိုယ့်အကြောင်းတွေကြီး စွတ်ပြောတတ်တဲ့အကျင့်ကို ဖျောက်ပါ။ ကိုယ့်ဆန္ဒကိုလည်း အရမ်းရှေ့တန်းမတင်ပါနဲ့။

နာမည်ခေါ်ပေးပါ

ချစ်တို့၊ သည်းတို့အစား နာမည်အစားထိုးခေါ်ပေးပါ။ လူတွေက သူတို့နာမည်ကိုခေါ်တတ်တဲ့သူဆို ပိုပြီးစိတ်စွဲတတ်ကြပါတယ်။ ဟဲ့တို့၊ အစ်ကိုတို့၊ အစ်မတို့စသဖြင့်ခေါ်တာထက် နာမည်လေးပါတပ်ပြီး ခေါ်ကြည့်ပါ။ တစ်ဖက်လူစိတ်ထဲ သင်ဆိုတာကို ပိုနေရာယူသွားပါလိမ့်မယ်။

ဖုန်းကို ဝေးဝေးမှာထားပါ

စကားပြောနေတုန်း ဖုန်းသုံးတဲ့သူကို ဘယ်သူမှမကြိုက်ကြပါဘူး။ အမျိုးတူဆိုရင်တော့ မပြောတတ်ဘူးပေါ့။ ဟုတ်တယ်လေ … တစ်ဖက်ကလေးလေးနက်နက်ပြောနေတုန်းမှာ ကိုယ်ကဖုန်းလေးပွတ်လိုက်၊ Chatting လေးထိုင်လိုက်ဆို ဘယ်သူကကြိုက်မှာလဲနော်။ တစ်ဖက်လူကို မလေးစားရာသိပ်ရောက်ပါတယ်။

စိတ်သက်သာရာရအောင် ထားပါ

သင်နဲ့ပေါင်းနေတဲ့သူကို စိတ်သက်သာရာရအောင်ထားပါ။ ငါအဲဒီတစ်ယောက်နဲ့မသွားချင်ဘူးဆိုတာမျိုး ကိုယ့်နောက်ကွယ်မှာအတင်းတုတ်ရလောက်တဲ့ထိ မဖြစ်ပါစေနဲ့။ တစ်ဖက်လူကို သိပ်ဖိအားမပေးပါနဲ့။ သဘောကတော့ သင်ကအရမ်းကြီးအသန့်ကြိုက်နေတာမျိုး၊ ချောမှ၊ လှမှာပေါင်းချင်တာမျိုး၊ ပိုက်ဆံရှိမှ၊ သွားနေလာနေနိုင်မှပေါင်းချင်တာမျိုး အဲဒီလိုလူမဖြစ်စေနဲ့။ လူတိုင်းရဲ့အချစ်ခံချင်ရင်တော့ လူတိုင်းနဲ့လိုက်လျောညီထွေရှိဖို့လိုပါတယ်။