ဇာတ်လမ်းတွေမှာ ရင့်ကျက်တဲ့ စိတ်သဘောထားရှိတဲ့ သူတွေက ပိုရင့်ကျက်ပြီး လူကြိုက်များကာ ကိုယ့်အတွက် အဆင်ပြေတဲ့ လမ်းကို ရွေးချယ်သွားတတ်ကြပါတယ်။ ရင့်ကျက်တဲ့သူတွေက သူတို့အတွက် ဘယ်အရာက အကောင်းဆုံးလဲ သိပြီး အကောင်းဆုံးဖြတ်သန်းကြသူတွေ ဖြစ်ပါတယ်။ သူတို့ရွေးချယ်တဲ့လမ်းက အမြဲမှန်ကန်လေ့ရှိတာကို ဇာတ်လမ်းကြည့်ဖူးတဲ့သူတွေ ဒါမှမဟုတ် ရင့်ကျက်တဲ့သူတွေကို မြင်ဖူးတဲ့ သူတိုင်း သိမှာပါ။ ဒီတော့ သင်က အရင်နဲ့ မတူတော့ဘဲ ရင့်ကျက်တဲ့ သူတစ်ယောက်အဖြစ် ပြောင်းလဲချင်မှာပါ။ ဒီထဲမှာ ပိုရင့်ကျက်လာဖို့ သိထားသင့်တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လူတိုင်းက ကိုယ့်အပေါ် မကောင်းခဲ့ရင်တောင်

ဘယ်သူမှ သင့်အပေါ် မကောင်းခဲ့ရင်တောင်၊ သင့်အနားမှာ မရှိကြရင်တောင် သင့်ရဲ့ သူငယ်ချင်းကောင်းက သင်ကိုယ်တိုင် ဖြစ်သင့်ပါတယ်။ တိုင်ပင်ဖော် တိုင်ပင်ဖက် မရှိရင်တောင် ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ အပြုအမူကို ရင့်ကျက်သူတွေ လုပ်လေ့ရှိပါတယ်။

၂။ လူတွေအပေါ် သဘောထားပြည့်ဝပါ

မရင့်ကျက်သူတွေဟာ ကိစ္စ သေးသေးလေးက အစ ငြီးငြူပြီး အခြားသူတွေအပေါ် အပြစ်မြင်တတ်ကြပါတယ်။ လူတွေအပေါ် အကြောင်းအရင်း လုံလုံလောက်လောက် မရှိဘဲ မငြိုငြင်သင့်ပါဘူး။ ကိုယ့်လို မိန်းကလေးတွေကို အားတက်အောင် ရှေ့ဆောင်လမ်းပြပြီး ကူညီတာကလည်း ရင့်ကျက်တဲ့ အပြုအမူပါ။

၃။ အချိန်မဖြုန်းသင့်တဲ့ အရာတွေ

သင်က သင့်အချိန်တွေကို တခြားသူတွေနဲ့ စကားများပြီး၊ ပြဿနာ ဖြစ်ပြီး မကုန်ဆုံးသင့်ပါဘူး။ ပြဿနာအများစုဟာ ကလေးဆန်လေ့ရှိပြီး တိုက်ခိုက်ရကျိုးနပ်တဲ့ အရာတွေ ဖြစ်လေ့မရှိပါဘူး။ ဒါကြောင့် ရင့်ကျက်ချင်တယ်ဆိုရင် စကားများရမယ့် အရာတွေကို ရှောင်ရှားသင့်ပါတယ်။

၄။ Social Media ပေါ် တင်တဲ့အခါ

သင်ငိုနေတဲ့ ပုံတွေ၊ ဗီဒီယိုတွေကို လိုင်းပေါ် မတင်သင့်သလို သင်အဆင်မပြေတဲ့ အရာတွေကိုလည်း လိုင်းပေါ် တင်စရာမလိုပါဘူး။ ဒါက အများရဲ့ Attention ရှာခြင်းဖြစ်ပြီး Attention လိုနေတဲ့ သူတွေကပဲ သင့်နားမှာ ရောက်လာပါလိမ့်မယ်။ ရင့်ကျက်တဲ့သူတွေက ဒီလိုလုပ်လေ့မရှိပါဘူး။

၅။ ယောက်ျားလေးတွေနားရောက်တဲ့အခါ

ရင့်ကျက်တည်ငြိမ်တဲ့ ကောင်မလေး အများစုက ကောင်လေးတွေနား ရောက်ရင် အမူအကျင့် မပြောင်းသွားတတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က သူတို့ကိုယ် သူတို့ ယုံကြည်မှု ရှိလို့ပါ။

၆။ သင်က အသက်ငယ်သေးရင်

သင်က အသက်ငယ်သေးရင် လှလာဖို့ စိတ်မလောသင့်ပါဘူး။ အသားအရေနဲ့ အဆင်မပြေသေးတဲ့ Cosmetics တွေကို သုံးတာ၊ မဆိုင်တာတွေ လျှောက်ဝယ်တာ၊ လုပ်တာမျိုး မလုပ်သင့်ပါဘူး။ သင်က အသက်အရွယ်နဲ့အတူ ပိုလှလာမှာမို့ စိတ်ရှည်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar