ယုံကြည်မှုက သိပ်အရေးပါပါတယ်။ ယုံကြည်မှုရှိနေရင် ကိုယ့်ရဲ့ စွမ်းရည်ကို အထိရောက်ဆုံး အသုံးချနိုင်ပါတယ်။ အလုပ်အကိုင်လမ်းကြောင်းတွေ ပိုဖြောင့်တန်းလာမယ်။ အချစ်ရေးမှာ ပိုပြီး အဆင်ပြေ ချောမွေ့မှုရှိလာမယ်။ ဒါကြောင့်ပဲ Confidence လို့ ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ခိုင်မြဲအောင် တည်ဆောက်ရတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိတဲ့သူ ဖြစ်လာချင်ရင် သိပ်မခက်တဲ့ လက်တွေ့နည်းလမ်းလေးတွေ လုပ်ပေးလို့ ရပါတယ်။

(၁) ဖြစ်နိုင်တဲ့ ရည်မှန်းချက်ထားပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်မယ့် လုပ်ရပ်တွေ လုပ်ဖို့ လိုပါတယ်။ ဖြစ်နိုင်မယ့် လက်တွေ့ကျတဲ့ ပန်းတိုင်မျိုးလုပ်တာပါ။ အင်္ဂလိပ်လိုဆို တစ်ကိုက်စာပန်းတိုင် Bite-Size Goal ထားခြင်း ဖြစ်ပါတယ်။

(၂) ကိုယ့်အကြောင်းကို သိပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် တကယ်နားလည်မှ ပြဿနာတွေကို ရင်ဆိုင်ရာမှာ ပိုပြီး ရှင်းလင်းပါတယ်။ ကိုယ့်ရဲ့ စိတ်မချဖြစ်နေတဲ့ မလုံခြုံတဲ့စိတ်ကိုလည်း သိအောင် လုပ်ထားပါ။ ဒီလိုသိမှလည်း အငြင်းခံရတဲ့ အရာတွေနဲ့ ကြုံတဲ့အခါ ပိုပြီး ကြံ့ခိုင်တဲ့စိတ်နဲ့ ရင်ဆိုင်နိုင်လာမှာပါ။

(၃) ဆုံးဖြတ်ချက်ချတဲ့ အကျင့်လုပ်ပါ

Photo: Freepik

Self-Confidence ကောင်းချင်ရင် ကိုယ်တိုင်ဆုံးဖြတ်ပါ။ ကိုယ့်ဆုံးဖြတ်ချက်ကိုလည်း တွေဝေမှုမရှိပါနဲ့။ ပြတ်သားတဲ့ စိတ်နဲ့ နေထိုင်ပါ။ ပိုပြီး ယုံကြည်မှုအားကောင်းလာပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် စိတ်ကြိုက် တည်ဆောက်ထားခြင်းက ယုံကြည်မှုအား တက်လာဖို့အကြောင်းပါပဲ။ ပညာရပ်သစ်တွေ သင်ပြီး ဉာဏ်ရည်ဉာဏ်သွေး မြှင့်ထားပါ။ အားကစားလုပ်ပြီး ကိုယ်ခန္ဓာတည်ဆောက်ထားပါ။ ဝါသနာသစ်တွေ လေ့လာပြီး ပျော်အောင်နေပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ကြိုက်ဖြစ်လာခြင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် လေးစားစိတ် ဝင်စေပါတယ်။

(၅) ကိုယ်အားကျတဲ့သူတွေနဲ့ တွေ့ပါ

Photo: Freepik

ကိုယ့်အချိန်အများစုမှာ ကိုယ်နဲ့အတူရှိတဲ့သူ ၅ ဦးရဲ့ ပျမ်းမျှစရိုက်ဟာ သင်ဖြစ်နေတယ်ဆိုတဲ့ စကားရှိပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို ပြင်တဲ့ သဘော ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေနဲ့ ပေါင်းသင်းပါ။ ပျော်ရွှင်ချင်ရင် စိတ်ချမ်းသာတဲ့သူတွေနဲ့ ပေါင်းပါ။ တော်ချင်ရင် တကယ်တတ်တဲ့ သူတွေနဲ့ ပေါင်းသင်းရမှာပါ။