သင်က လူကြားထဲ ရောက်ရင် ဘာပြောရမှန်းမသိ၊ မနေတတ် မထိုင်တတ်ဖြစ်နေမယ်၊ ဘာလုပ်လို့လုပ်ရမှန်း မသိ ဖြစ်နေမယ်၊ မျက်နှာကျက် နံရံကိုပဲ ထိုင်ကြည့်နေမယ်၊ ဖုန်းပဲ ငုံ့ကြည့်နေတတ်သူဆိုရင် ဒီအကြောင်းအရာကို သင်ဖတ်သင့်ပါတယ်။ လူကြားထဲတောင် မဟုတ်ဘဲ လူတွေကြားထဲ မသွားရဲသူဆိုရင် ပိုတောင် ဖတ်ဖို့လိုပါသေးတယ်။ လူတောတိုးရဲပြီး အပေါင်းအသင်းဆန့်ခြင်းက လူတစ်ဦးမှာ လိုအပ်တဲ့ အရည်အချင်းတွေထဲ ပါဝင်ပါတယ်။ သင်က အရင်ထက် ပေါင်းတတ်သင်းတတ်ပြီး ပြောတတ်ဆိုတတ် ဖြစ်ဖို့ အောက်ဖော်ပြပါ အချက်တွေကို ပြုလုပ်နိုင်ပါတယ်။

၁။ သင့်ကိုယ်သင် စမိတ်ဆက်ပါ

သင်က ဘယ်သူဖြစ်ကြောင်း သူ့ကို စမိတ်ဆက်လိုက်တာက သင့်ကိုယ်သင် ယုံကြည်မှု ရှိသူဖြစ်ကြောင်း ပြသနေပြီး တဘက် သူစိမ်းနဲ့လည်း ပိုရင်းနှီးသွားစေပါတယ်။ သင့်ဘက်က စပြီး သင့်အကြောင်း မိတ်ဆက်ဖို့ပဲ လိုပါတယ်။

၂။ မေးခွန်းမေးပါ

သူ့အကြောင်း မေးသင့်ပါတယ်။ လူအများစုက သူတို့အကြောင်းကို တခြားသူဆီ ပြောဖို့ အားသာကြပါတယ်။ သင်က ဒီအရာကို ဖြည့်ဆည်းပေးဖို့ လိုပါတယ်။ ဒါပေမဲ့ မေးခွန်းမေးတဲ့နေရာမှာ အလုပ်ရှင်က အလုပ်သမားကို အင်တာဗျူး မေးတဲ့ ပုံစံမျိုးတော့ မဖြစ်သင့်ပါဘူး။ သူ့ကို ချီးကျူးပေးပြီး ဒါကိုပဲ အကျယ်ချဲ့မေးမြန်းနိုင်ပါတယ်။

၃။ စကားဝိုင်းကို ပိုရှည်အောင် ကြိုးစားပါ

သင်က သူနဲ့ စကားပြောတဲ့ အချိန် စကားလုံးကို တုံးတိကြီး ပြောချတာမျိုး မလုပ်သင့်ပါဘူး။ သင့်အကြောင်း အသေးစိတ် ပြောပြပြီးနောက် သူ့ကိုပါ မေးခွန်းပြန်မေးတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုလုပ်တာက သင့်ကို ပိုဖော်ရွေတဲ့ လူတစ်ယောက် အဖြစ် မြင်ရစေပါတယ်။

၄။ သင့်အတွေးထဲမှာ သူတို့က သင့်ကို အရမ်းတွေ့ချင်နေတယ်ဆိုပြီး မြင်ယောင်ပေးပါ

သင်က လူသစ်တွေနဲ့ တွေ့ဖို့ စိတ်လှုပ်ရှားနေတယ်ဆိုရင် ဒီလိုမြင်ယောင်လိုက်တာက သင့်အတွက် အထောက်အကူ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က သင့်ကို အရမ်းတွေ့ချင်နေတယ်ဆိုရင် သင့်စိတ်ထဲ ဒီလူကို ပိုရင်းနှီးသွားသလို သူ့ကို စကားတွေလဲ အများကြီး ပြောချင်လာပါတယ်။ တကယ်မဟုတ်ရင်တောင် ဒီလိုပဲ ဟန်ဆောင်တွေးကြည့်သင့်ပါတယ်။

၅။ သက်တောင့်သက်သာဖြစ်အောင် ကြိုးစားပါ

သင်က Introvert တစ်ယောက် ဖြစ်မယ်ဆိုရင် သူစိမ်းတွေကြားထဲ ဝင်တိုးရတာက ပိုတောင် ဆိုးပါသေးတယ်။ သက်တောင့်သက်သာ လုံးဝ ဖြစ်မှာ မဟုတ်ပါဘူး​။ ဒါပေမဲ့ ဒီသက်တောင့်သက်သာ မဖြစ်တာကိုပဲ ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုရင် သင်က အရင်နဲ့ မတူတဲ့ ပြောတတ်ဆိုတတ်သူ တစ်ဦး ဖြစ်လာပါလိမ့်မယ်။

Photo source:

By MyStyle Myanmar