လူငယ်ဘဝကလည်း လူငယ်ဆိုသလို၊ ကလေးဘဝတုန်းကလည်း ကလေးဆိုသလို၊ လူကြီး ဘဝမှာလည်း လူကြီး ဆိုသလို စိတ်ဖိစီးမှု ကိုယ်စီ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အသက်ကြီးလာလေ စိတ်ဖိစီးမှုတွေကတော့ ပိုများလာလေပါပဲ။

လူငယ်အများစုကတော့ လူငယ်အရွယ်မှာ အချစ်ရေး၊ အလှအပ၊ တခြားသူတွေရဲ့ အထင်အမြင် စတဲ့ အကြောင်းအရာတွေနဲ့ စိတ်ဖိစိးတတ်ကြပါတယ်။ ဒါ့အပြင် ယနေ့ခေတ် Social Media ပေါ်မှာ အရာရာ မြင်နေရတာကြောင့် ပိုစိတ်ဖိစီးတတ်ပြီး ပျော်ရတဲ့ ရက်က နည်းပါးလာကြပါတယ်။ သင်က လူငယ်အရွယ်မှာ ဘဝကို ပျော်ပျော်နေသင့်ပါတယ်။ ဒီတော့ အရင်ထက် ပိုပျော်ရွှင်လာချင်ရင် အောက်ဖော်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

၁။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်ပေးတာကြောင့် အရင်ထက် ပိုပျော်ရွှင်လာပြီး လူငယ်အရွယ်တည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်တာက လုပ်သူတိုင်းကို ပိုပျော်ရွှင်စေပါတယ်။

၂။ ငိုပစ်ပါ

ငယ်ရွယ်စဉ်မှာ မိသားစုကြောင့်၊ သူငယ်ချင်းကြောင့်၊ ချစ်သူကြောင့် စသဖြင့် စိတ်ညစ်စရာတွေက အမျိုးမျိုး ရှိမှာပါ။ သင့်အနေနဲ့ စိတ်ညစ်စရာ တွေကြုံလာတိုင်း အော်ငိုပစ်ဖို့ မရှက်သင့်ပါဘူး။ ငိုလိုက်တာက သင့်စိတ်ကို ပေါ့ပါးသွားစေပါလိမ့်မယ်။

၃။ အရာရာတိုင်းက မမြဲတာမို့ ကောင်းမွန်တဲ့ အချိန်တွေကို တန်ဖိုးထားပါ

လူငယ်အရွယ်မှာ အမြဲစိတ်ညစ်မနေဘဲ တစ်ခုမဟုတ် တစ်ခုတော့ လုပ်နေသင့်ပါတယ်။ ဘယ်အရာကိုပဲ လုပ်လုပ် ဒီအရာမှာ စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ပြီး ပျော်ရွှင်ဖို့ လိုအပ်ပါတယ်။ ဘယ်အရာမဆို ပြောင်းလဲနေတာကြောင့် အခုကြုံနေရတဲ့ စိတ်ညစ်စရာကလည်း တစ်နေ့ ပျောက်ကွယ်သွားမှာပါ။

၄။ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ သင်ယူပါ

အသက်ကြီးလာလေ တစ်ယောက်တည်း ပိုဖြစ်လာလေမို့ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ လေ့ကျင့်သင်ယူထားသင့်ပါတယ်။ ဒါဆိုရင် သင်အရင်ထက် ပိုပျော်ရွှင်လာပါလိမ့်မယ်။

၅။ ကိုယ် စားချင်တာ စားပစ်ပါ

အသက်အရွယ် တစ်ခုရောက်လာတဲ့အခါ အရင်လောက် မလှုပ်ရှားနိုင်တော့သလို အစားရှောင်လာရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လူငယ်ဘဝမှာတော့ သိပ်စိုးရိမ်စရာ မလိုသေးပါဘူး။ စားတာများရင်တောင် ဝိတ်ချရလွယ်တဲ့ အရွယ်မို့လို့ လူငယ်ဘဝမှာ ကိုယ်စားချင်တာ စားသင့်ပါတယ်။

၆။ ရယ်မောပါ

လူငယ်အရွယ်က ပေါ့ပေါ့ပါးပါး အနေနိုင်ဆုံး အရွယ် မို့လို့ စိတ်ကို မထိန်းချုပ်ထားဘဲ ပျော်စရာ ရှိလာတဲ့အခါ ပျော်လိုက်သင့်ပါတယ်။ ရယ်စရာ ရှိလည်း ရယ်ပစ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar