ဘယ်သူမဆို ကိုယ်သဘောကျတဲ့သူရှေ့မှာ Impression ကောင်းချင်ကြပါတယ်။ အထူးသဖြင့် ကိုယ်ကြွေနေတဲ့ Crush ရှေ့မှာ အမိုက်ဆုံး၊ အပြည့်စုံဆုံး ဖြစ်ချင်ကြပါတယ်။ ကိုယ့်ရဲ့ သူ့အပေါ် ခံစားချက် Level အလိုက် အတွေးတွေကလည်း မျိုးစုံသွားပါတယ်။ သူကိုယ့်ကို ဘယ်လိုထင်မလဲ၊ ငါ့ပုံစံက အဆင်ပြေပါ့မလား စတဲ့ အတွေးတွေက သင့်ခေါင်းထဲ ဝင်လာတတ်ပါတယ်။ ဒီတော့ ကိုယ့် Crush နဲ့ စ ဒိတ်တဲ့နေ့မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့ ဒီအချက်တွေကို သိထားသင့်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ

ကိုယ့်ကိုကိုယ် အကောင်းဆုံး ဖြစ်နေအောင် အမြဲပြင်ဆင်နေမှ သူနဲ့ တွေ့တဲ့အချိန် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှာပါ။ ပုံမှန်အားကစားလုပ်တာ၊ ကိုယ့်အလှအပကို ဂရုစိုက်တာတွေကို မဖြစ်မနေလိုအပ်ပါတယ်။ Gym ပုံမှန်ဆော့တဲ့ အမျိုးသားတွေ၊ အလုပ်ကြိုးစားတဲ့ ကောင်လေးတွေကို သင်စိတ်ဝင်စားသလို ဒီပုံစံအတိုင်း သင်ကိုယ်တိုင် နေထိုင်သင့်ပါတယ်။

၂။ စကားပြောတာကို လေ့ကျင့်ပါ

သင်က အမျိုးသားတွေနဲ့ စကားပြောတဲ့အခါ ယုံကြည်မှု ရှိချင်ရင် စကားပြောလေ့ကျင့်ရပါမယ်။ ဆန့်ကျင်ဘက်လိင်နဲ့ ခဏခဏ စကားပြောတာက သင့်ကို ယုံကြည်မှုပိုတက်စေပါတယ်။ သင်က Crush ရှေ့မှာ ယုံကြည်မှု ရှိရှိစကားပြောတတ်ချင်ရင် နေ့တိုင်း သူစိမ်းအမျိုးသားတစ်ယောက်နဲ့ စကားစမြည် သွားပြောတာ၊ သွားမိတ်ဆက်တာမျိုး ပုံမှန်လုပ်သင့်ပါတယ်။

၃။ သူပြောတာကို အာရုံစိုက်နားထောင်ပါ

သူကတော့ စကားပြောပါရဲ့၊ သင်က သင့်ပုံစံဘယ်လိုနေမလဲပဲ ခေါင်းထဲ ရောက်နေရင် အဆင်မပြေပါဘူး။ သူပြောတဲ့စကားတွေကို သေချာ အာရုံစိုက်နားထောင်ပြီး စိတ်ဝင်စားကြောင်းပြသင့်ပါတယ်။ လူတိုင်းကိုယ့်ကို အာရုံစိုက်ပေးတဲ့ သူတွေကို သဘောကျတတ်ပါတယ်။

၄။ သင်သဘောကျတဲ့ အဝတ်အစားကို ရွေးချယ်ပါ

သင်နဲ့လိုက်ဖက်တယ်ဆိုပြီး လူတွေပြောဖူးတဲ့ အဝတ်အစားတွေ သင့်မှာ ရှိတတ်မှာပါ။ ဘာဝတ်ရင် Crush ကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ စကားတွေကို နားမယောင်သင့်ပါဘူး။ ကိုယ်ကြိုက်ပြီး၊ လူတွေ ချီးမွမ်းစကားဆိုဖူးတဲ့ အင်္ကျီမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

၅။ ရေမွှေးဆွတ်သွားပါ

လေ့လာချက်တွေအရ ရေမွှေးဆွတ်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ တွေ့ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိတတ်တယ်လို့ ဆိုထားပါတယ်။ သင်နှစ်သက်တဲ့ ရေမွှေးကို အပြင်မထွက်ခင် ဆွတ်သွားသင့်ပါတယ်။

၆။ အတိတ်က အကြောင်းတွေ မတွေးပါနဲ့

သင်က အမြဲ တစ်ယောက်တည်းဖြစ်ပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး အတိတ်ဆိုးရှိဖူးတာ၊ ထားခဲ့ခံရဖူးတာ စတဲ့ အတိတ်တွေရှိနေရင် မဒိတ်ခင် မတွေးသင့်ပါဘူး။ အတိတ်နဲ့ လက်ရှိသင်နဲ့ မတူနိုင်တော့တာကြောင့် အရင်က အဖြစ်အပျက်တွေနဲ့ ကိုယ့်ကိုကိုယ် မနှိုင်းယှဉ်သင့်ပါဘူး။ သင်လုပ်နိုင်ကြောင်း ယုံကြည်ပါ။

Photo Source: Pinterest

By MyStyle Myanmar