ကိုယ့်ဘက်က သူငယ်ချင်းကောင်း ပီသမှ သူငယ်ချင်းကောင်းတွေက ကိုယ့်ဆီ လာနိုင်တယ်ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ တကယ်လို့ ကိုယ့်ဘက်က သူငယ်ချင်းကောင်း ဘယ်လောက်ပီသပါစေ သူတို့ဘက်က ကိုယ့်ကို တန်ပြန် မေတ္တာမထားနိုင်ရင်လည်း သင်က စိတ်မကောင်း ဖြစ်စရာမလိုပါဘူး။ သင်က စေတနာ ထားသရွေ့ သင့်အပေါ် တကယ်ကောင်းတဲ့ သူတွေက ရောက်လာမှာပါပဲ။ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းကောင်း ပီသချင်တယ်ဆိုတဲ့ ကောင်မလေးတွေ လုပ်နိုင်မယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။ ဖော်ပြထားတဲ့ အချက်တွေက အခြေခံကျပြီး လက်တွေ့ဆန်တာမို့ လုပ်ရ လွယ်ကူမှာပါ။

၁။ ကူညီပေးပါ

သင့်သူငယ်ချင်းက သင့်ရှေ့မှာ ပစ္စည်း အလေးကြီးတွေ သယ်လာရင် သင်က ရပ်ကြည့်မနေဘဲ ဝိုင်းကူပေးသင့်ပါတယ်။ ဒီလို လုပ်ပေးတာက စကားလုံးတွေ သုံးစရာ မလိုဘဲ သူငယ်ချင်းကို ဂရုစိုက်ရာ ရောက်ပါတယ်။

၂။ စောင့်ဆိုင်းပါ

သင့်သူငယ်ချင်းနဲ့ တစ်နေရာရာ သွားတဲ့အချိန် အိမ်သာ ဝင်တာ ဒါမှမဟုတ် သူ့ဖိနပ်ကြိုးကို ပြန်ချည်တဲ့အချိန်မှာ မသွားနှင့်ဘဲ စောင့်ဆိုင်းသင့်ပါတယ်။ ဒီလိုလုပ်တာက သူ့စိတ်ထဲ သင်က သူ့ကို ဂရုစိုက်တယ်လို့ ထင်ရစေပါတယ်။ သူကိုယ်တိုင်လည်း သင့်ကို ပြန်စောင့်ပေးပါလိမ့်မယ်။

၃။ သူတို့ အကြောင်းမေးပါ

သူတို့ရဲ့ တစ်နေ့တာက ဘယ်လိုရှိလဲ၊ အဆင်ပြေလား စသဖြင့် မေးမြန်းသင့်ပါတယ်။ သူပြောတာလေး နားထောင်သင့်ပါတယ်။ ဒီလို အပြုအမူကိုတော့ သူငယ်ချင်း ဖြစ်တာ မကြာသေးတဲ့သူတွေ လုပ်သင့်ပါတယ်။

၄။ သူတို့ကို ချီးကျူးပါ

သူတို့ ဝတ်လာတဲ့ အဝတ်အစားက လှနေရင် မြင်တဲ့အတိုင်း ချီးကျူးသင့်ပါတယ်။ သူတို့ ပြင်ဆင်လာတာ လှတယ်ဆိုရင်လည်း သင်က ဒါကို အသိအမှတ်ပြုသင့်ပါတယ်။ ဒီလိုဆိုရင် သူတို့လည်း ပျော်သွားမှာ ဖြစ်သလို သင်လည်း စိတ်ချမ်းသာပါလိမ့်မယ်။

၅။ လူများရင်

သင်တို့ သူငယ်ချင်း အုပ်စုက လူများတယ်ဆိုရင် စကားပြောတဲ့အခါ ဘယ်သူ့ကိုမှ ချန်မထားခဲ့ဘဲ စကားပြောသင့်ပါတယ်။ သင်က လူတိုင်းကို ဂရုတစိုက်နဲ့ အရေးတယူ ပြောသင့်ပါတယ်။ လူတွေက သူတို့ကို အရေးစိုက်တဲ့အခါ ပိုဝမ်းသာတတ်ကြပါတယ်။

၆။ သင့်ပစ္စည်းတွေကို ချေးငှားခွင့်ပေးလိုက်ပါ

မိတ်ဆွေကောင်း ပီသချင်တဲ့ သူတွေအနေနဲ့ သူတို့ပစ္စည်းတွေကို မဖွက်ထားဘဲ သူတို့ပါ သုံးနိုင်အောင် မျှဝေသင့်ပါတယ်။ ဥပမာ- ဖတ်တဲ့ စာအုပ်မျိုးပါ။ စာအုပ်တွေက ငှားရလွယ်ကူပြီး သူတို့ စိတ်ထဲမှာလည်း သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။

၇။ သင့်သူငယ်ချင်းက အဆင်မပြေဖြစ်နေရင်

သင်က သူ့မျက်နှာကို ကြည့်လိုက်လို့ အဆင်မပြေတာတွေ ရှိမယ်ဆိုရင် သင်က အလိုက်တသိ နေရာ ပြောင်းပေးတာ၊ တခြားနေရာ သွားတာတွေ လုပ်သင့်ပါတယ်။ သူတို့ရဲ့ မျက်နှာရိပ် မျက်နှာကဲကို သိတာကလည်း သူငယ်ချင်းကောင်း ပီသသူတွေရဲ့ အမူအကျင့်တစ်ခုပါ။

Photo Source: Pinterest
By MyStyle Myanmar