ချစ်သူရည်းစားတွေအတွက်ကတော့ ချစ်စ ခင်စ ကြင်နာစ အချိန်တွေဆိုရင် နေ့ရက်တိုင်းက ပျော်ရွှင်ကြည်နူးစရာတွေ ပြည့်နေတော့ ကိုယ့်အရှေ့မှာ ဘာလေးပဲ့လုပ်လုပ် စိတ်ကျေနပ်စရာတွေချည်းပါပဲနော်။ ဒါပေမဲ့ ချစ်သူသက်တမ်းက နှစ်ကာလရှည်ကြာလာတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုလျော့လာပြီး အချစ်တွေလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်လို ဂရုမစိုက်အားတော့ဘဲ သူစိမ်းဆန်လာသလို ခံစားမိတတ်ကြပါတယ်။

အဲ့ဒီအချိန်မှာ သင်တို့ရဲ့ အချစ်ကို အရင်လိုနွေးနွေးထွေးထွေးပြန်ဖြစ်သွားအောင် ပြုလုပ်ပေးဖို့ လိုနေပါပြီဆိုတာကို သတိရလိုက်ပါ။ အဲ့လိုမလုပ်ပေးဘူးဆိုရင်တော့ သင်တို့အချစ်ဇာတ်လမ်းက ဇာတ်သိမ်းသွားဖို့ကို ဦးတည်နေမှာပဲ့ဖြစ်တယ်။ ကဲ…ဒါကြောင့် အေးစက်ပြီး သူစိမ်းဆန်သလိုလိုဖြစ်လာတဲ့ ချစ်သူစုံတွဲတွေအတွက် ဘယ်လိုနည်းလမ်းလေးတွေ သူတို့အချစ်ကို ပြန်လည်သက်ဝင်နွေးထွေးအောင် ပြုလုပ်ပေးနိုင်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

ပထမဦးဆုံး ဒိတ်လုပ်တဲ့အကြောင်းလေးတွေကို ပြန်ပြောပါ

သင်တို့ ပထမဦးဆုံး တွေ့ဆုံတုန်းက နှစ်ဦးသားလုံး ရင်ခုန်သံမြန်နေမှာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေကို ပြန်လည်တူးဖော်ခြင်းက သင်တို့ရဲ့အချစ်ရေး ခိုင်မြဲသထက် ခိုင်မြဲလာအောင် ပိုမိုနွေးထွေးလာအောင် ကူညီပေးပါလိမ့်မယ်။

အားကစား အတူတူလုပ်ပါ

သွားအတူ၊ လာအတူ၊ မုန့်စား အတူတူဆိုရင် လေ့ကျင့်ခန်းကိုရော ဘာလို့ အတူတူမလုပ်နိုင်ရမှာလဲ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ တက်ကြွတဲ့စိတ်အာရုံကို ပေးစွမ်းနိုင်ပါတယ်။ စုံတွဲလိုက် လေ့ကျင့်ခန်း အတူတူလုပ်ဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမနိုင်ပြီး နားလည်မှုလည်း ပိုမိုထားရှိလာနိုင်မှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Gym သွားပြီး လေ့ကျင့်ခန်းသွားလုပ်နေတာထက် စုံတွဲလိုက်ကြီး ဘေးပတ်ဝန်းကျင်ကလူတွေ မျက်စိနောက်စရာကောင်းလောက်အောင် အကဲပိုနေတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

စပရိုက်တိုက်ပါ

စပရိုက် အချိုရည်တိုက်ခိုင်းတာ မဟုတ်ပါဘူးနော်။ သူ ထင်မှတ်မထားဘဲ ပျော်ရွှင်သွားအောင် အံ့အားသင့်စေမယ့် စပရိုက်မျိုး လုပ်ခိုင်းတာပါ။ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် လုပ်ပေးတာက ယောကျာ်းလေးမှ မိန်းကလေးမှ လုပ်ပေးရမယ်လို့ မခွဲခြားထားပါဘူးနော်။ တန်ဖိုးနည်းတယ်၊ များတယ် ပဓာနမထားဘဲ ကိုယ်လုပ်တတ်တဲ့အရာလေးနဲ့ စပရိုက်ဖြစ်သွားအောင် လုပ်ပေးလိုက်တာကလည်း ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုတဲ့အကြောင်းကို တစ်နည်းဖော်ပြပေးတာပါပဲ့နော်။

ကိုယ့်ကိုယ်ကို အမြဲလှအောင် နေပါ။

ချစ်သူသက်တမ်းအစတုန်းကတော့ ဘယ်နေရာပဲသွားသွား မိတ်ကပ်လေး လှလှလေးလိမ်းပြီး အဝတ်အစားလှလှလေးဝတ်သွားတယ်။ ရည်းစားသက်တမ်းကြာတော့မှ ပြင်ပြင်ဆင်ဆင်မနေဘူးဆိုရင်တော့ မဟုတ်သေးပါဘူး။ လူတိုင်းက အလှအပကြိုက်ကြပါတယ်။ မပြင်မဆင်ဘဲ ထွက်တွေ့တယ်ဆိုလည်း တစ်ခေါက်၊ နှစ်ခေါက်ဆို လုံလောက်ပါပြီ။ ရုပ်လှလို့ ချစ်တာမဟုတ်ဘူးလို့ ပြောနေပေမယ့် ဘယ်အရာကမှ အာမခံချက်မရှိဘူးဆိုတာ မမေ့လိုက်ပါနဲ့။ အခုခေတ်မှာ စနှိုက်မလေးတွေကလည်း ခပ်ပေါပေါရယ်။

သင့်ချစ်သူကို ချီးမွမ်းစကားဆိုပေးဖို့လည်း မမေ့ပါနဲ့

လူတိုင်းက ချီးမွမ်းခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုချီးမွမ်းမယ်ဆိုရင် ပိုလို့တောင် ပျော်ရွှင်တတ်ကြပါတယ်။ မကောင်းမြင်စိတ်နဲ့ ဝေဖန်ပြစ်တင်နေမယ့်အစား ချစ်တဲ့စိတ်နဲ့ ချီးကျူးပေးမယ်ဆိုရင် သင့်အနားမှာနေရတာ ပျော်ရွှင်သထက် ပျော်ရွှင်လာတာကြောင့် သင့်အကြောင်းလေးပဲ တစ်ချိန်လုံး စဉ်းစားမိနေမှာဖြစ်ပါတယ်။