အခုလိုအချိန်မှာ COVID-19 ရောဂါကာကွယ်နိုင်ဖို့အတွက် Mask ကိုအချိန်တိုင်းလိုလိုတပ်ထားကြရပါတယ်။

Mask တပ်ရတာများလာတာကြောင့် ဝက်ခြံ Breakouts တွေဖြစ်တတ်တဲ့အခြေအနေကို English လို Maskne (Mask Acne) လို့ခေါ်ပြီး ဒါဟာ ဒီကာလမှာ လူအများစုကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Maskne တွေဟာ Mask အချိန်ကြာကြာဝတ်ထားတာကြောင့်ချွေးပေါက်ပိတ်ရာကနေဖြစ်လာတတ်ပါတယ်။

Mask ကြောင့် ဝက်ခြံအပြင် မျက်နှာအရေပြားနီမြန်းတာ၊ ယောင်ရမ်းလာတာနဲ့ အဖုအပိန့်တွေထတာမျိုးလည်း ဖြစ်တတ်တဲ့အတွက် ဒါတွေမဖြစ်အောင်ကာကွယ်လို့ရမယ့် နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်။

အဝတ် Mask တွေကို အသုံးပြုပြီးတိုင်း အမြဲပြန်လျှော်ပေးပါ

မလျှော်ရသေးတဲ့ အဝတ် Mask တွေပြန်သုံးတာမျိုးကို အတတ်နိုင်ဆုံးရှောင်ပေးပါ။ အလက်ဂျစ်မဖြစ်တတ်တဲ့ ဆပ်ပြာနဲ့လျှော်ပေးပြီး ခြောက်သွားတဲ့အခါမှ ပြန်လည်အသုံးပြုသင့်ပါတယ်။ Disposable Mask တွေဆိုရင်တော့ တစ်ခါထက်ပိုပြီး လုံးဝပြန်မသုံးသင့်ပါဘူး။

ပဋိဇီဝဆေး (Antibiotic) ပါဝင်တဲ့ Cream ကောင်းကောင်းတစ်ခုလိမ်းပေးပါ

Mask တပ်ထားတဲ့အချိန်မှာ မျက်နှာအရေပြားက ဘက်တီးရီးယားတွေပွားလာနိုင်တဲ့အတွက် ဝက်ခြံတွေပို ဖြစ်လာစေပါတယ်။ ဒါကြောင့် Mask မတပ်ခင် Antibiotic ပါဝင်တဲ့ Cream ဒါမှမဟုတ် Gel တစ်မျိုးကို ရွေးချယ်လိမ်းပေးသင့်တယ်လို့ အရေပြားပညာရှင်တွေကအကြံပြုထားပါတယ်။

Mask ကို လေးနာရီခြားတစ်ခါ ချွတ်ထားပေးပါ

လေးနာရီခြားတစ်ခါ ၁၅ မိနစ်လောက် Mask ချွတ်ပေးတာက သင့်ရဲ့အသားအရေကို အနားပေးရာ ရောက်ပါတယ်။ အိမ်မှာမရှိတဲ့အချိန်ဆိုရင်တော့ လူတွေနဲ့အကွာအဝေးတစ်ခုရောက်တဲ့အခါမှသာ ချွတ်ထားသင့်ပြီး မချွတ်ခင် လက်ပုံမှန်ဆေးပေးဖို့လည်းအရေးကြီးပါတယ်။

Mask မတပ်ခင်မှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ

သင့်မျက်နှာခြောက်သွေ့နေတဲ့အချိန်မှာ Mask တပ်မိတဲ့အခါ အရေပြားယားယံလာတာတွေဖြစ်တတ်ပါတယ်။ မျက်နှာအသားအရေအစိုဓာတ်ရနေဖို့အတွက် ချွေးပေါက်မပိတ်စေတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးကို ပုံမှန်လိမ်းပေးဖို့လိုပါတယ်။

မှန်ကန်တဲ့ Mask တွေကိုရွေးချယ်တပ်ဆင်ပါ

အရေပြားပြဿနာမဖြစ်ဖို့အတွက် သင့်တော်တဲ့ Mask အမျိုးအစားတွေကို ရွေးချယ်တတ်ဖို့လည်းလိုပါတယ်။ တပ်ဆင်သင့်တဲ့ Mask တွေကတော့

· လုံလုံခြုံခြုံနဲ့အရမ်းမကျပ်တဲ့ Mask တွေ

· နှစ်ထပ်နဲ့အထက်ထူတဲ့ Mask တွေနဲ့

· သဘာဝအတိုင်းပြုလုပ်ထားတဲ့ နူးညံ့တဲ့ချည်သား Mask တွေပဲဖြစ်ပါတယ်။

Mask ဝတ်ပြီးတဲ့အခါ မျက်နှာပြန်သစ်ပေးပါ

Mask ကြောင့် ချွေးထွက်တတ်တဲ့သူတွေအနေနဲ့ မျက်နှာကိုအတတ်နိုင်ဆုံး ပြန်လည်သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် သင့်အသားအရေကိုကာကွယ်ဖို့ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar