မိတ်ကပ်လိမ်းတဲ့အချိန် ပျိုမေတိုင်း လိုလို ကြုံရတဲ့ ပြဿနာကတော့ အသားအရေ ချောမွေ့မနေတာပါ။ ချွေးပေါက်ကျယ်တာကြောင့်၊ အဖုသေးသေးလေးတွေကြောင့် မိတ်ကပ်လိမ်းလိုက်တဲ့အခါ အသားအရေရဲ့ အပြစ်အနာအဆာတွေက ပိုပေါ်လွင်သွားတတ်ပါတယ်။ အပြစ်အနာအဆာတွေကို ဖုံးချင်လို့ မိတ်ကပ်လိမ်းပါတယ်ဆိုမှ ပိုပေါ်သွားတယ်တဲ့ အဖြစ်လို့ ပြောရမှာပါ။ ဒီတစ်ခေါက်မှာတော့ ဒီလိုထပ်မဖြစ်ရအောင် မဖြစ်မနေ လုပ်ပေးရမယ့် အဆင့် (၄) ဆင့်ကို ဖော်ပြပေးပါရစေ။ ဒီအဆင့်တွေက အခြေခံအဆင့်တွေပဲ ဖြစ်တာမို့ သင့်အတွက် လိုက်လုပ်ရ လွယ်ကူမှာပါ။
အဆင့် ၁
အစိုဓာတ်ထိန်းခရင် လိမ်းပေးပါ။ မိတ်ကပ်မလိမ်းခင် လုံးဝမကျော်ရမယ့် အဆင့်ကတော့ အစိုဓာတ် ထိန်းခရင် လိမ်းရမယ့် အဆင့်ပါ။ သင့်အသားအရေက အဆီပြန်ရင်တောင် အစိုဓာတ်ထိန်းခရင်ကို လိမ်းရမှာပါပဲ။
အဆင့် ၂
တခြားအဆင့်တွေ မသွားခင် ဒီအဆင့် ၂ မှာတော့ Setting Spray ဖြန်းရပါမယ်။ ဖြန်းတဲ့အခါလည်း ရက်ရက်ရောရောကို ဖြန်းရမှာပါ။ ဒီလိုများများလေး ဖြန်းပေးမှ အသားအရေထဲ အစိုဓာတ် စိမ့်ဝင်ကာ မိတ်ကပ်လိမ်းတဲ့အချိန် ချောမွေ့နေမှာပါ။
အဆင့် ၃
ဒီအဆင့်ကတော့ အားလုံးသိပြီးသား အဆင့်ပါ။ Primer လိမ်းပေးရပါမယ်။ တချို့ မိန်းကလေးတွေက အစိုဓာတ်ထိန်းခရင် အဆင့်ပြီးတာနဲ့ ချက်ချင်း ဖောင်ဒေးရှင်းလိမ်းတတ်ကြပါတယ်။ Primer အဆင့်က ထားခဲ့လို့မရပါဘူး။ Primer က ချွေးပေါက်တွေကို ဖုံးပေးပြီး ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ချောမွေ့သွားဖို့ ကူညီပေးပါတယ်။
အဆင့် ၄
နောက်ဆုံးအဆင့်အနေနဲ့ ဖောင်ဒေးရှင်းလိမ်းတဲ့အဆင့်ပါ။ ဖောင်ဒေးရှင်းကို ချွေးပေါက်ပေါ် တိုက်ရိုက်မလိမ်းဘဲ ဘေးဘက်ပါးကနေ စလိမ်းရပါမယ်။ တဖြည်းဖြည်းနဲ့ ချွေးပေါက်ရှိတဲ့ဘက် အသာလေး ပုတ်သွားရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar