မင်္ဂလာပါ ပျိုမေတို့ရေ… တစ်ကိုယ်ရေသန့်ရှင်းမှုကအရေးကြီးသလိုပဲ ကိုယ်ရဲ့ခန္ဓာကိုယ်မှာမွှေးကြိုင်နေစေဖို့ဆိုတာကလည်း အရေးကြီးတဲ့အချက်ပါပဲနော်။ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်စွတ်ထားတဲ့ရေမွှေးနံ့လေးကို တစ်နေကုန်ရရှိနေချင်ကြတာပါ။ ဒါတင်မကပဲ ဘေးနားကဖြတ်သွားတဲ့သူတွေကိုပါ မွှေးကြိုင်လွန်းတဲ့ရေမွှေးနံ့လေးနဲ့ ဆွဲဆောင်ဖို့အတွက်ဆိုရင်တော့ ရေမွှေးနဲ့ပတ်သက်ပြီး သွားထားသင့်တာလေးတွေကိုလည်း သိထားဖို့လိုအပ်ပါသေးတယ်။

Moisturizer

ရေမွှေးစွတ်တာနဲ့ Moisturizer နဲ့ဘာဆိုင်လို့လဲလို့ စဉ်းစားမိနေပါလိမ့်မယ်။ တကယ်လို့ ကိုယ့်ရဲ့အသားအရေပေါ်မှာရေမွှေးစွတ်မယ်ဆိုရင် Moisturizer ကိုအရင်လိမ်းထားပေးပြီးမှ ရေမွှေးကိုစွတ်တာက အနံ့ကိုကြာရှည်ခံစေပြီး အသားအရေအတွက်လည်း ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။

အဓိကကျတဲ့နေရာတွေ

လူတော်တော်များများကျင့်သုံးနေတာကတော့ ရေမွှေးစွတ်ပြီဆိုရင် အဝတ်အစားတွေမှာပဲ စွတ်လေ့ရှိတတ်ကြပါတယ်။ ဒီလိုမဟုတ်ပဲ အသားအရေပေါ်မှာစွတ်တာက ရေမွှေးနံ့ကိုပိုပြီးတော့ ကြာရှည်ခံစေတယ်လို့သိရပါတယ်။ လည်ပင်း၊ လက်ကောက်ဝတ်နားနဲ့ တံတောင်ကွေးနားတွေက ရေမွှေးနံ့ကိုပိုပြီးတော့ ကြာရှည်ခံစေဖို့ စွမ်းဆောင်ပေးနိုင်တဲ့အဓိကနေရာတွေလို့ သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်နော်။

သိမ်းဆည်းတဲ့နည်းလမ်း

ဈေးကြီးပေးရတဲ့ရေမွှေးတွေကို ကြာရှည်ခံစေအောင် ထိန်းသိမ်းတတ်ဖို့ကလည်း အရေးကြီးတဲ့အချက်လို့ သတ်မှတ်ထားကြတာပဲဖြစ်ပါတယ်။ ကြာရှည်ခံအောင်ဆိုတဲ့နေရာမှာ ပမာဏများတာမျိုးကိုမဆိုလိုပဲ ရေမွှေးရဲ့အနံ့ကြာရှည်ခံအောင် ထိန်းသိမ်းတတ်ဖို့က အရေးကြီးလွန်းပါတယ်။ ရေမွှေးပုလင်းတွေကို နေရောင်ခြည်ရနိုင်တဲ့နေရာမျိုးတွေမှာ သိမ်းထားတာမျိုး၊ အဖုံးကိုလုံအောင်ပြန်မပိတ်ပဲထားတာမျိုး၊ အရမ်းပူလွန်းတဲ့အခန်းထဲမှာ သိမ်းထားတာမျိုးတွေက ရေမွှေးနံ့ကိုပျက်ပျယ်စေတတ်ပါတယ်။

အသားချင်းပွတ်တိုက်လိုက်တာမျိုး

ရေမွှေးစွတ်တဲ့အချိန်မှာ အသားချင်းကိုပွတ်ပြီး စိမ့်ဝင်အောင်လုပ်တာမျိုးတွေက တကယ်တော့မှားယွင်းနေတဲ့ နည်းလမ်းမျိုးတွေပဲဖြစ်ပါတယ်။ ရေမွှေးစွတ်တဲ့အခါမှာ အသားအရေပေါ်ကိုဒီတိုင်းလေးပဲ ဖြန်းပေးလိုက်တာက ပိုထိရောက်မှုရှိပြီး ပွတ်တိုက်လိုက်တာမျိုးဆိုရင် ရေမွှေးနံ့ကိုပျက်သွားစေနိုင်ပါတယ်နော်။

Featured Image Source: Freepik