မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အလှကုန်ပစ္စည်းတစ်ခုကို ပြောပါဆိုရင် ဘယ်တစ်ခုလို့ထင်ပါသလဲ။ အများစုရဲ့အဖြေအရတော့ Mascara ပါပဲ။ Mascara ကို လိမ်းခြယ်ပေးခြင်းအားဖြင့် မျက်လုံးလေးတွေက နဂိုထက်ကို ပိုလို့အသက်ဝင်ကာ လှပစေတာကြောင့် မိန်းကလေးတိုင်း သဘောကျနှစ်သက်ကြပါတယ်။

ပုံကြီးချဲ့ပြီးပြောနေတာလို့ ထင်ကောင်းထင်နိုင်ပေမယ့်လည်း ပျိုမေအများစုကတော့ မနက်ခင်းမှာကော်ဖီတစ်ခွက်ကို သောက်လိုက်ရမှဆိုသလိုပဲ Mascara ကိုလည်း တစ်ချက်နှစ်ချက်လောက် ကော့လိုက်ရမှ နေတတ်ကြပါတယ်။ Mascara က မျက်တောင်တွေကို ပိုပြီးနက်နဲစေရုံသာမက နဂိုအရှည်ထက်ကို ပိုပြီးရှည်လျားထူထဲစေပါသေးတယ်။

အဆင့် (၁) – Hairdryer ကိုအသုံးပြုပြီး မျက်တောင်ကော့အတံကို အပူပေးမယ်

မျက်တောင်ကော့တဲ့အတံကိုယူလိုက်ပြီးတော့ Hairdryer နဲ့ အပူနည်းနည်းပေးလိုက်ပါ။ အပူနည်းနည်းသုံးပြီးတော့ မျက်တောင်ကော့တာက ပိုပြီးလွယ်လွယ်ကူကူ မျက်တောင်ကော့လို့ရသလို ပိုပြီးတော့လည်း ကြာရှည်ခံစေပါတယ်။ သို့သော်လည်း အပူချိန်ကိုထိန်းချုပ်မှသာလျှင် မျက်တောင် သို့မဟုတ် အသားအရေကို အပူမလောင်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

အဆင့် (၂) – အပူချိန်ကိုစစ်ဆေးပါ

မျက်တောင်ကော့အတံကို အပူပေးပြီးပြီဆိုတာနဲ့ လက်ကောက်ဝတ်နားကို ညှင်သာစွာထိလိုက်ပါ။ အရမ်းပူနေလား မပူဘူးလားဆိုတာကို သေချာစစ်ဆေးပါ။ မျက်လုံးလေးတွေက အင်မတန်နူးညံ့တာကြောင့် မျက်တောင်ကော့တံရဲ့အပူချိန်ကလည်း တော်သင့်ရုံဖြစ်ဖို့နဲ့ ခံနိုင်ရုံလောက်သာရှိဖို့ အရမ်းအရေးကြီးပါတယ်။

အဆင့် (၃) – မျက်တောင်ကော့မယ်

မျက်တောင်ကော့တံရဲ့ အပူချိန်က အနေတော်ဖြစ်ပြီဆိုရင် မျက်တောင်မွှေးတွေနားကို ဖြည်းဖြည်းချင်းကပ်ပေးလိုက်ပါ။ မျက်ခွံကိုမထိမိပါစေနဲ့။ မျက်တောင်မွှေးတွေကို သေချာဖမ်းမိပြီဆိုရင် ကော့လိုက်ပြီး ချက်ချင်းမလွှတ်လိုက်ဘဲ ခဏကိုင်ထားပေးပါ။ ဒါမှမဟုတ်လည်း ညှင်ညှင်သာသာနဲ့ သုံးလေးခါလောက်ဖြစ်ဖြစ် ဖိပေးလိုက်ပါ။

အဆင့် (၄) – Mascara သုံးမယ်

မျက်တောင်ကော့တံကိုဖြည်းဖြည်းချင်းဖယ်လိုက်ပြီးရင် Mascara လိမ်းပါ။ ဘေးဘီဝဲယာတွေကို မပေကျံမိအောင်လည်း သတိထားပါ။ Mascara ကို အသုံးပြုပြီးတော့ မျက်တောင်လေးတွေကို ပုံဖော်ပါ။

အဆင့် (၅) – အောက်မျက်တောင်တွေကိုလည်း Mascara လိမ်းပါ

အပေါ်မျက်တောင်ကိုပဲ Mascara သုံးပေးလို့မဖြစ်ပါဘူးနော်။ မျက်လုံးအောက်က မျက်တောင်လေးတွေကိုလည်း Mascara သုံးပေးရမှာဖြစ်ပြီး အသားတွေမပေအောင်လည်း သတိထားပါ။

Source: FabHow

Featured Image Source: yanalya