အားလုံးပဲမင်္ဂလာပါနော်။ လူတွေမှာ မတူညီတဲ့ မျက်နှာအစိတ်အပိုင်းပုံစံအမျိုးမျိုးရှိကြတာကြောင့် ပျိုမေတို့အနေနဲ့ မိတ်ကပ်လိမ်းချယ်တဲ့အခါ ကိုယ့်ရဲ့မျက်နှာကျပုံစံနဲ့ လိုက်ဖက်စေမယ့် ပြင်ဆင်ခြယ်သနည်းတွေကို သိထားဖို့လိုပါတယ်။ Eye Makeup လိမ်းခြယ်ခြင်းဟာဆိုရင်လည်း ပြီးပြည့်စုံတဲ့ Makeup Look ရဖို့အရေးပါတဲ့အဆင့်တစ်ခုဖြစ်ပြီး ကိုယ်နဲ့လိုက်ဖက်တဲ့ Eyeshadow အရောင်နဲ့ Eyeliner ဆွဲဟန်တွေကို သိထားတာက ပျိုမေတို့ကိုတောက်ပပြီး ညို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ကိုယ့်မျက်ဝန်းပုံစံနဲ့ လိုက်ဖက်စေမယ့် Eye Makeup လိမ်းချယ်နည်းအမျိုးမျိုးကို မျှဝေပေးလိုက်ပါတယ်။

၁။ Almond စေ့လိုမျက်လုံးပိုင်ရှင်တွေ


ဗာဒံစေ့လိုဘေးဘက်ချွန်းတဲ့မျက်ဝန်းပုံစံတွေက မျက်လုံးအိမ်ကျယ်ပြီး မျက်ရစ်လည်းပေါ်တာကြောင့် Eyeshadow အရောင်အမှိန်တွေ၊ မျက်ခွံအပေါ်အောက် Eyeliner ခပ်ပါးပါးတွေနဲ့လိုက်ဖက်ပါတယ်။ Mascara ကိုမျက်တောင်အပြည့်ဆိုးတာမျိုးနဲ့လိုက်ဖက်ပြီး အပေါ်မျက်ခွံမှာ ကြောင်မျက်လုံးပုံစံ Eyeliner ကော့ကော့တွေနဲ့လိုက်ဖက်တဲ့ မျက်လုံးပုံစံဖြစ်ပါတယ်။

၂။ မျက်လုံးဝိုင်းဝိုင်းပိုင်ရှင်တွေ


ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းတွေကို ပိုင်ဆိုင်သူတွေကတော့ Eyeshadow နဲ့ Eyeliner အရောင်တော်တော်များများနဲ့လိုက်ဖက်ပြီး ဆိုးတဲ့အခါမှာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခမ်းထောင့်တွေကို ခပ်ထူထူဆိုးပေးဖို့လိုပါတယ်။ Mascara ကိုတော့ အပေါ်မျက်တောင်တွေမှာ အဓိကဆိုးပေးပါ။

၃။ မျက်ရစ်မပါတဲ့မျက်လုံးပိုင်ရှင်တွေ


အာရှသူတွေမှာရှိတတ်ကြတဲ့ မျက်ရစ်မပါတဲ့မျက်လုံးတွေက ပုံပါအတိုင်း အပေါ်အနည်းငယ်ကောက်တဲ့ Eyeliner ခပ်တန်းတန်းလေးတွေနဲ့ လိုက်ဖက်ပါတယ်။ Eyeshadow ကိုအပေါ်မျက်ခွံထောင့်မှာ ခပ်ထူထူဆိုးပေးဖို့လိုပြီး အရောင်အရင့်နဲ့ Glitter ပါဝင်တဲ့ EyeShadow တွေတွဲစပ်ပြီးဆိုးတာမျိုးနဲ့လည်းလိုက်ဖက်ပါတယ်။

၄။ အပေါ်မျက်ခွံကြီးတဲ့မျက်လုံးပိုင်ရှင်တွေ


Eyeshadow Matte အရောင်တွေ ဒါမှမဟုတ် ခပ်မှိန်မှိန်မီးခိုးရောင်တွေနဲ့လိုက်ဖက်တဲ့မျက်လုံးပုံစံဖြစ်ပါတယ်။ ဆိုးတဲ့အခါမှာ မျက်ခွံအပေါ်ပိုင်းကို မျက်ခုံးအစပ်နားအထိခပ်မြင့်မြင့်ဆိုးပေးရပါမယ်။ Eyeliner ကိုတော့ အပေါ်မျက်တောင်ဘေးထောင့်တစ်ဝိုက်မှာ ခပ်ထူထူဆိုးပေးပါ။

၅။ မျက်လုံးအစွန်းကော့နေတဲ့မျက်ဝန်းပိုင်ရှင်တွေ


မော်ဒယ် Kendall Jenner လို ဘေးအစွန်းပိုင်းကော့နေတဲ့ ကြောင်မျက်လုံး ပိုင်ရှင်တွေအနေနဲ့ Eyeliner ကိုကိုယ့်ရဲ့မျက်လုံးပုံစံအတိုင်း ခပ်ကော့ကော့ဖြည့်ဆိုးပေးသင့်ပါတယ်။ Eyeshadow ကိုတော့ အပေါ်မျက်ခွံရှေ့ပိုင်းမှာ အရောင်ခပ်ဖျော့ဖျော့သုံးပြီး ထောင့်အစွန်းပိုင်းမှာ ခပ်ထူထူလေးဆိုးပေးပါ။

၆။ မျက်လုံးအစွန်းအောက်ကျတဲ့မျက်ဝန်းပိုင်ရှင်တွေ


များသောအားဖြင့် မျက်လုံးအစွန်းအောက်ကျတတ်တဲ့သူတွေဟာ အောက်ဘက်မျက်ရစ်လည်း ကြီးတတ်တာကြောင့် Eye Makeup ထူထူလိမ်းတာက ပင်ပန်းနွမ်းနယ်ပုံပေါက်စေနိုင်ပါတယ်။ ဒါကြောင့် Eyeliner နဲ့ Eyeshadow တွေကို မျက်ခွံအလယ်မှာမသုံးဘဲ ထောင့်စွန်းတွေမှာပဲအနည်းငယ်ဖြည့်ဆိုးပေးပါ။ Mascara ကိုလည်းအရမ်းမများစေဘဲ ခပ်ပါးပါးကော့ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar