ဘဝရဲ့ အချိန်အများစုဟာ အလုပ်ခွင်မှာပဲ ကုန်ဆုံးသွားတာပါ။ တစ်လျှောက်လုံး စားဝတ်နေရေးနောက်ကို ခြေတိုအောင် လိုက်ခဲ့ကြရင်းနဲ့ ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးခဲ့တာတွေမှ အများကြီးပါပဲ။ အလုပ်ဟာ ဘဝပေါ် လွှမ်းမိုးလွန်းလာရင်တော့ ကျေနပ်ပျော်ရွှင်စရာဘဝ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အလုပ်နဲ့ ဘဝ ဟန်ချက်ညီ ချိန်သားကိုက်စေဖို့ဆိုတာ အလွန်ပဲ အရေးကြီးပါတယ်။ Work-Life Balance ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဒါလေးတွေ လုပ်ပေးဖို့ လိုမှာပါ။

(၁) ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်မျိုး ရွေးချယ်ပါ

Photo of concentrated young lady designer sitting indoors at night using computer and reading book

Photo: Freepik

ကိုယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုမှာ ရောက်နေရင် အမြဲတမ်း စိတ်ပင်ပန်းနေရပါလိမ့်မယ်။ ငွေရရုံတစ်ခုတည်းနဲ့တော့ စိတ်ဆင်းရဲခံပြီး နှစ်ရှည်လများ အလုပ်မလုပ်သင့်ပါဘူး။ အလုပ်ကတော့ ဘယ်အလုပ်မှာမဆို စိတ်ရှုပ်စရာတော့ ရှိစမြဲပါပဲ။ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်မှာ လုပ်နေရရင်တော့ စိတ်ပင်ပန်းတဲ့ဒဏ်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ။

(၂) ကိုယ့်အတွက် အချိန်ပေးပါ

Woman sitting on the mountain

Photo: Freepik

အလုပ်ချည်း ဆက်တိုက် ဖိလုပ်နေရင် ရေရှည်မှာ ခြေကုန်လက်ပန်းကျ Burnout ဖြစ်သွားတတ်ပါတယ်။ အလုပ်ခွင် စိတ်ဖိစီးမှုတွေကြောင့် ခေါင်းမထူနိုင်အောင် မဖြစ်ခင်မှာ အလုပ်ကနေ ခွင့်ရက်ရှည်ယူပြီး ခရီးယူတာ ၊ အိမ်ရောက်တာနဲ့ မိသားစုအတွက်ပဲ အချိန်ပေးတာမျိုး လုပ်သင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်တစ်နေ့တာရဲ့ ၃ ပုံ ၁ ပုံကို ကိုယ့်စိတ်ကို ကျေနပ်ပျော်ရွှင်စေမယ့် ဝါသနာလေးတွေနဲ့ မိသားစု / မိတ်ဆွေတွေအတွက် အချိန်ပေးဖို့ လိုပါတယ်။

(၃) အချိန်နဲ့ အလုပ်လုပ်ပါ

Brainstorming of young team on the meeting

Photo: Freepik

အလုပ်ကို အချိန်အခါနဲ့ အလုပ်လုပ်တဲ့ အလေ့အကျင့် လုပ်ပေးပါ။ အလုပ်ကြောင့်ချည်း အချိန်မကုန်စေဖို့နဲ့ အမြဲသတိထားပါ။ အလုပ်ခွင်မှာပဲ အလုပ်စကားပြောပြီး အလုပ်ပြင်ပမှာ အလုပ်အကြောင်းနဲ့ စပ်လို့ ဘာမှ မပြောတာ အကောင်းဆုံးပါပဲ။

(၄) ဖုန်းသုံးတာ လျှော့ပါ

Woman sitting in a cafe drinking coffee and working on a computer

Photo: Freepik

ဖုန်းစွဲလမ်းမှုဟာ ဒီနေ့ခေတ်ရဲ့ ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ဖုန်းအမြဲတမ်း ပွတ်တာဟာ စိတ်ကို အနားမရစေသလို မျက်လုံးလည်း ထိခိုက်ပြီး မိသားစုနဲ့ ကိုယ့်ဘဝ ဆက်ဆံရေးပါ ပျက်စီးယိုယွင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ဖုန်းသုံးတာ လျှော့ပါ။ ဖုန်းအစား စာအုပ်ကောင်းကောင်းပဲ ဖတ်ဖို့ အကြံပေးချင်ပါတယ်။