Social Media သုံးလွန်းရင်လည်း ထိခိုက်စေတဲ့အရာမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် အချစ်ရေးနဲ့ ပတ်သက်တာမျိုး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာမျိုးတွေ ထိခိုက်လာနိုင်ပါတယ်။ ချစ်သူစုံတွဲတွေအနေနဲ့ကတော့ Social Media ကြောင့် သင့်အချစ်ရေးကို ထိခိုက်စေနိုင်တဲ့အရာတွေက ဘာတွေလဲဆိုတာကို သိထားဖို့လိုပါတယ်။

တချို့က ရန်ဖြစ်ပြီဆိုရင်၊ စိတ်ဆိုးပြီဆိုရင် Social Media ပေါ်မှာ တင်ကြတယ်။ ကိုယ့်ကိစ္စတွေကိုချပြတယ်။ စိတ်ဆိုးတုန်းမှာ ကိုယ့်ရည်းစားကို နစ်နာအောင်ပြောပြီး ရေးတင်ကြတယ်။ ဒါမျိုးတွေက နှစ်ယောက်လုံးအတွက်လည်း မကောင်းသလို၊ ကြာလာရင် တစ်ဖက်လူက စိတ်ပျက်ပြီး ထားသွားနိုင်ပါတယ်။

Social Media ကို အရမ်းစိတ်နှစ်ထားတဲ့သူတွေကျတော့လည်း တစ်ခုခုဆိုရင် Social Media ပေါ်မှာ မချစ်ပြလို့၊ ဂရုမစိုက်ပြလို့ဆိုပြီး ပြဿနာရှာတာမျိုးတွေ၊ သူများနဲ့လိုက်ယှဉ်ပြီးပြောတာမျိုးတွေ ရှိပါတယ်။ ဒါမျိုးတွေကျတော့ ကြာလာရင် ကိုယ်ပဲစိတ်ပင်ပန်းရသလို ကိုယ့်အချစ်ရေးလည်း ထိခိုက်ပျက်စီးလာနိုင်ပါတယ်။

Password တွေတောင်းပြီး ကိုယ့်ရည်းစားအကောင့်ကို အမြဲဝင်စစ်နေရတာမျိုး၊ ဘာတွေလုပ်ထားမလဲဆိုပြီး ပူပန်နေရတာမျိုးတွေကလည်း Social Media ကြောင့်ပါပဲ။ တကယ်တမ်း တစ်ယောက်နဲ့တစ်ယောက်သာ ယုံကြည်မှုရှိမယ်ဆိုရင် ဒါမျိုးတွေ လုပ်စရာမလိုပါဘူး။

တစ်ခုခုဆိုရင် ပြဿနာဖြစ်လိုက်တိုင်း၊ ရန်ဖြစ်လိုက်တိုင်းမှာ Social Media ကြောင့်ချည်းပဲ ဖြစ်နေရတာမျိုး၊ အရာရာလိုက်ချုပ်ခြယ်ပြီး ပြောဆိုနေတာမျိုးတွေကြောင့်လည်း သင့်အချစ်ရေးကို ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့် အရာရာဆင်ခြင်ပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားဖို့၊ နားလည်မှုထားဖို့နဲ့ သစ္စာရှိနေဖို့က အရေးကြီးပါတယ်။ Social Media မှာထက် အပြင်လက်တွေ့ဘဝက ပိုအရေးပါတယ်၊ အရေးကြီးတယ်ဆိုတာကို မေ့ထားလို့မဖြစ်ပါဘူး။

Photo Source: www.pinterest.com