မိန်းကလေးတစ်ယောက်အတွက် ဖက်ရှင်ကလည်းအရေးကြီးသလို အလှအပကလည်း အရေးကြီးလို့နေပါတယ်။ အဲဒီထက်ပိုပြီးအရေးကြီးတာတစ်ခုကတော့ ဝတ်ဆင်ထားတဲ့ဖက်ရှင်နဲ့ ပြင်ဆင်ထားတဲ့မိတ်ကပ် လိုက်ဖက်မှုရှိဖို့က ပိုပြီးအရေးကြီးတာပေါ့။ ဝတ်ထားတဲ့အရောင်နဲ့ ပြင်ဆင်ထားတဲ့မိတ်ကပ်အရောင်က လိုက်ဖက်မှုမရှိနေရင်လည်း ဘယ်လောက်ပဲလှအောင်ဝတ်ထားပါစေ ကြည့်ကောင်းနေတော့မှာမဟုတ်ပါဘူး။ ဒါကြောင် သင့်အနေနဲ့လှပပြီးတောက်ပတဲ့ အဝါရောင်ဖက်ရှင် ဝတ်ဆင်မယ်ဆိုရင် လိုက်ဖက်ပြီးကြည့်ကောင်းတဲ့ မိတ်ကပ်ပြင်ဆင်မှုလေးဖြစ်အောင် ဘာတွေလုပ်သင့်တယ်ဆိုတာကို ပျိုမေတို့သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်လုံးကိုခြယ်သတော့မယ်ဆိုရင်

မျက်လုံးကိုခြယ်သဖို့ဆိုရင်တော့ ရွှေရောင်လေးတွေကအဝါရောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်လို့ မြင်မိပါတယ်။ မျက်ခွံလေးပေါ်ကို ရွှေရောင်လေးတွေအရင်ခြယ်ပေးပြီး သိပ်ပြီးမကွဲပြားတဲ့အရောင်လေးတွေနဲ့ ဖန်တီးပြီးပြင်ဆင်ကြည့်လိုက်ပါ။ ပြီးရင်တော့ Eyeliner လေးကိုသေသေသပ်သပ်လေး ဆွဲပေးလိုက်ပေါ့။ အမည်းရောင်ဖြစ်ဖို့တော့လိုတယ်နော်။

ပါးနီအတွက်ဆိုရင်

မိတ်ကပ်ပြင်ရင် ပါးနီလေးကလည်းမပါမဖြစ်ပေါ့။ ပါးနီခြယ်ဖို့ အရောင်ရွေးချယ်တဲ့အခါမှာတော့ ဖျော့တဲ့သဘာဝအရောင်မျိုးလေးတွေကို သုံးတာကပိုပြီးတော့ သင့်တော်ပါတယ်နော်။ ပန်းရောင်ကိုမှ ဖျော့တဲ့အရောင်မျိုးလေးတွေကို သုံးပေးမယ်ဆိုရင်တော့ သင်ဝတ်ထားတဲ့အဝါရောင်ဖက်ရှင်လေးနဲ့ ပိုပြီးလိုက်ဖက်မှုရှိမှာပေါ့။

နှုတ်ခမ်းနီအတွက်ဆိုရင်

နှုတ်ခမ်းနီအတွက်ဆိုရင်လည်း အရောင်ရင့်ရင့်တွေကို သုံးစရာမလိုပါဘူး။ အဝါရောင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်ဖို့ဆိုရင် အသားရောင်နှုတ်ခမ်းနီမျိုးလေးတွေကို ရွေးချယ်သင့်တယ်နော်။

အရောင်တောက်တဲ့အဝတ်အစားတွေကို ဝတ်ဆင်တဲ့အခါမှာမိတ်ကပ်ပြင်ဆင်မှုမှာလည်း အရောင်လေးကိုနည်းနည်းတော့ လျော့သင့်တယ်လို့ထင်ပါတယ်။ အဝါရောင်ဆိုတာကလူတိုင်းကို သတိထားမိစေတဲ့အရောင်ဖြစ်ပြီး တော်တော်များများလည်းကြိုက်ကြတဲ့အရောင်ပေါ့။ ဒါကြောင့်အဝါရောင်ဝတ်တဲ့အခါမှာ ဒီလိုအချက်လေးတွေကိုလည်း သေချာပြင်ဆင်ကြည့်လိုက်ပါနော်။

Photo Source: Pinterest