လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ လေးနာရီကျော်ကြာလောက်တဲ့အထိ ဖုန်းကို အသုံးပြုနေကြတာကို ကြည့်ခြင်းအားဖြင့် လူသားတွေအတွက် စမတ်ဖုန်းတွေရဲ့ လွှမ်းမိုးမှုဟာ တော်တော်လေးကို ကြီးမားလာပါတယ်။

ဒီလိုမျိုး လွှမ်းမိုးမှုဟာ သင့်ဘဝအတွက် အရမ်းကို ကြောက်စရာကောင်းသလို အထူးသဖြင့် Sensitive ဖြစ်တဲ့ Relationship ကဏ္ဍမှာဆို ပိုဆိုးပါတယ်။

ဒါကြောင့် အခုလိုမျိုး ဖုန်းကို အရေးလုပ်ပြီး လွန်လွန်ကျူးကျူး အသုံးပြုခြင်းဟာ သင့်ရဲ့ Relationship အပေါ်မှာ ဘယ်လောက်ထိ သက်ရောက်လာနိုင်သလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမှာပါ။

၁။ ဖုန်းကြည့်ပြီး ဘာတွေပြုံးနေတာလဲဆိုတာကို သင့်လက်တွဲဖော်ကို မပြခြင်း

ကိုယ့်ချစ်သူက ကိုယ့်ဘေးနားမှာ ရှိနေပေမယ့်လည်း ကိုယ်နဲ့စကားပြောမယ့်အစား လျစ်လျူရှုထားပြီး ဖုန်းကိုပဲထိုင်သုံးနေတာလောက် ခံရခက်တဲ့ ခံစားချက်မျိုး ရှိမှာမဟုတ်ပါဘူးနော်။ ပိုဆိုးတာက ကိုယ့်ချစ်သူက ဖုန်းသုံးရင်းနဲ့ ပြုံးနေတာမြင်ရင် ဘာကြောင့်မှန်းမသိရလို့ မလုံခြုံတဲ့စိတ်၊ သဝန်တိုတဲ့စိတ်တွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူကိုလည်း ကိုယ်ဘာအတွက် ဖုန်းသုံးနေတယ်ဆိုတာကို အတူတူမျှဝေပြီး ပြောပြမယ်၊ အတူတူရယ်မောကြမယ်ဆိုရင် ကိုယ်ချစ်ရသူနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတော့မှာမဟုတ်ပါဘူး။

၂။ ဘယ်သွားသွား ဖုန်းကို လက်ကမချခြင်း

ဒီအချက်ကတော့ လူတိုင်းနီးနီးပါပဲ။ ဘာအကြောင်းအရင်းမှ မရှိပါဘဲနဲ့ ဖုန်းကိုလက်ကမချနိုင်တာပါ။ ဒီလိုမျိုး အခြေအနေက ကိုယ့်ဘာသာတစ်ယောက်တည်းဆို ကိစ္စမရှိပေမယ့် ချစ်သူနဲ့အတူရှိနေချိန်မှာတော့ တစ်ခုခုဖုံးကွယ်လျှို့ဝှက်ထားတာရှိလို့ဆိုပြီး အထင်မှားသွားနိုင်ပါတယ်။

၃။ Noti တက်တိုင်း ချက်ချင်းစစ်ခြင်း

ဘယ်အချိန် ဘာဖြစ်နိုင်မလဲဆိုတာ ကြိုမသိနိုင်လို့ ဖုန်းကို လုံးဝ Silent လုပ်ထားစရာတော့မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့ ရှိနေချိန်မှာတော့ အနှောင့်အယှက်မဖြစ်စေဖို့ Noti အသံတွေကို ခွဲခြားထားပါ။ မဟုတ်ရင် Noti တက်လာတိုင်း ဖုန်းထုတ်စစ်တာနဲ့ပဲ ကိုယ့်ချစ်သူဆီ အာရုံမရှိတော့ပါဘူး။

၄။ နားချိန်မှာတောင် အလုပ်မေးလ်တွေ Reply ပြန်ခြင်း

သူသူကိုယ်ကိုယ် အလုပ်ရှိတာပါပဲ။ Career ဆိုတာကြီးက တချို့လူတွေအတွက် အရမ်းကို အရေးကြီးတယ်ဆိုတာ နားလည်သလို သူတို့အတွက် မေးလ်ပြန်တာ၊ ဖုန်းပြောတာတွေက ပုံမှန်ဆိုပေမယ့်လည်း ချစ်သူအတွက်ကတော့ ကွဲပြားပါတယ်။

မအားလပ်တဲ့ကြားထဲက အချိန်ညှိပြီး တွေ့ပါတယ်ဆိုမှ ချစ်သူကို ဘေးမှာထားပြီး အလုပ်အကြောင်း ထိုင်ပြောနေလို့ကတော့ မဟုတ်သေးပါဘူး။

၅။ ထမင်းစားချိန် ဖုန်းသုံးခြင်း

အခုခေတ်လိုမျိုး အစစအရာရာ လျင်လျင်မြန်မြန် လုပ်ကိုင်နေရတဲ့အချိန်မှာတော့ ညစာဆိုတာဟာ ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ဖြစ်ဖြစ် တန်ဖိုးရှိတဲ့အချိန်လေးတွေ အတူကုန်ဆုံးဖို့ ရတောင့်ရခဲအခွင့်အရေးပါ။ ဒါကြောင့် အာရုံမပျက်စေဖို့ ညစာအတူစားနေချိန်မှာ ဖုန်းကိုလုံးဝမသုံးပါနဲ့။

Image Source: BrightSide