တစ်လကို အဝတ်အစားအတွက် ပိုက်ဆံဘယ်လောက်သုံးမိလဲလို့ ပြန်တွက်မိပါသလား။ စားဝတ်နေရေးဆိုတဲ့အတိုင်း အခြေခံအရေးကြီး ၃ ပါးမှာ အဝတ်အစားကလည်း လူတစ်ယောက်မှာ အရေးပါတဲ့ အရာပါ။

လူထဲ သွားလာနေရသူတွေအတွက် လူနဲ့သူနဲ့ တူအောင် ဝတ်ရမယ်ဆိုပြီးလည်း ပြောကြတာ ရှိပါတယ်။အဝတ်အစားအတွက် ပစ်မထားဖို့ လိုတာ မှန်ပေမယ့် ကိုယ့်ဝင်ငွေထွက်ငွေနဲ့ မျှပြီး ကိုယ့်ဘာသာ လှအောင် ဆင်ရတာ ဖြစ်ပါတယ်။ အဝတ်အစားသစ် မြင်တိုင်း ဝယ်ချင်တယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။

အခုခေတ်လို အကုန်အကျများပြီး မြင်လေရာ မျက်စိကျချင်စရာ ဖြစ်နေချိန်မှာ မကုန်သင့်တာ မကုန်အောင်လည်း စိစစ်ခြိုးခြံဖို့က အရေးကြီးပါတယ်။

Photo: Freepik

ဒါဆို အဝတ်အစားအတွက် တစ်လကို ငွေဘယ်လောက်ပဲ ကုန်သင့်သလဲလို့ မေးစရာ ရှိလာပါတယ်။ Petetheplanner တည်‌‌ထောင်သူ ငွေကြေးစီမံမှု အကြံပေး ဒေါက်တာ ဒွန်းကတော့ သင့်တစ်လစာရဲ့ ၅% ကို အဝတ်အစားအတွက် သုံးပါလို့ အကြံပေးထားပါတယ်။ ဒီအကြံပေးချက်ကတော့ အကြွေးကင်းတဲ့ အိမ်တစ်အိမ်အတွက် ဖြစ်ပါတယ်။

အဝတ်အစားဆိုရာမှာ မိသားစုတစ်ခုလုံးအတွက်ကို ပြောတာ ဖြစ်ပါတယ်။ သင့်အတွက် ၊ သင့်ကလေးအတွက် ၊ သင့်ဇနီးအတွက် အဝတ်အစားဖိုးအားလုံးကို လစာရဲ့ ၅% ထက် ပိုမသုံးပါနဲ့တဲ့။ နောက်တစ်ခုက အဝတ်အစားဖိုးလို့ ဆိုရာမှာ လက်ကိုင်အိတ်တွေ ၊ ရှုးစ်ဖိနပ် ၊ ဦးထုပ်နဲ့ အင်္ကျီဘောင်းဘီ ပြုပြင်စရိတ်တွေအတွက်ပါ အကုန်ပါပါတယ်။

Photo:Fashion Gone Rogue

တကယ်တော့ အခုခေတ်မှာ အရာရာ ကုန်ကျစရိတ်ကြီးမြင့်နေတာ ဖြစ်လို့ လူတစ်ယောက်ရဲ့ လုပ်ခလစာဟာ ထောင့်စေ့အောင် သုံးဖို့ မလွယ်ပါဘူး။ တကယ်လို့ ကိုယ်လိုချင်တဲ့ အဝတ်အစားဟာ ကိုယ့်လစာရဲ့ ၅% နဲ့ ဝယ်ဖို့ မလောက်ရင် ၂ လတန်သည် ၊ ၃ လတန်သည် စုဆောင်းပြီးမှ ဝယ်သင့်ပါတယ်။ အဝတ်အစားတစ်ထည်ဝယ်မယ်ဆိုရင် တန်မတန် ၊ ကောင်းမကောင်း သေချာ စိစစ်ပြီးမှ ဝယ်ပါ။

နောက်တစ်ချက်က အဝတ်အစားဆို Branded မှ ကြိုက်တတ်တယ်ဆိုတာမျိုး ရှိရင်လည်း အကောင်းကြိုက်တတ်တဲ့ ကိုယ့်စိတ်ကို ထိန်းပေးဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်လစာဟာ လက်ငင်းအတွက်ရော နောင်အနာဂါတ် အတွက်ပါ အကျိုးများမှာပါ။