ကိုယ့်မှာ အလေ့အထသစ်တစ်ခု အကျင့်တစ်ခု ရလာဖို့ အချိန်ဘယ်လောက်ကြာနိုင်မလဲ?။ အကျင့်ဆိုးတစ်ခုကို ဖြတ်တောက်နိုင်ဖို့ အချိန်ဘယ်လောက် ယူရသလဲ?။ အကျင့်ဆိုးတွေခွာချပြီး ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ အကျင့်တစ်ခုကို မွေးယူချင်သူတွေအနေနဲ့ အပေါ်က မေးခွန်းနှစ်ခုကို မေးမိတတ်ကြပါလိမ့်မယ်။ ဒီမေးခွန်းတွေအတွက် အဖြေကလည်း အကြောင်းတရားတွေပေါ် လိုက်ပြီး ကွဲပြားနိုင်ပါတယ်။ တစ်ချို့အကျင့်တွေကို မွေးယူဖို့ ၊ တစ်ဖက်မှာလည်း အကျင့်ဆိုးတွေ ခဝါချဖို့ဆိုတာ ၃ လလောက်အထိ အချိန်ယူရနိုင်ပါတယ်။

Photo: Naturalnie o Zdrowiu

ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ နည်းပြအကြံပေးသူတွေကတော့ အကျင့်တစ်ခု ခိုင်မြဲအောင် မွေးမြူဖို့ဆိုတာ အနည်းဆုံး ရက်ပေါင်း ၂၀ ကနေ ၂ လအထိ ကြာတယ်လို့ ဆိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတာပဲ ဖြစ်ဖြစ် ၊ Gym ကို တစ်ပတ် ၃ ရက် မပျက်မကွက်သွားဖို့ပဲ ဖြစ်ဖြစ် အကျင့်သစ်တစ်ခု မွေးရတာဟာ ခက်တယ်ဆိုတာ လူတိုင်း သိကြတာပါပဲ။

အကျင့်လုပ်ယူတာနဲ့ ပတ်သက်လို့ ဒေါက်တာမော့ဇ်ပြောတဲ့ သီအိုရီတစ်ခုရှိပါတယ်။ ဒေါက်တာမော့ဇ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ပလတ်စတစ်ဆာဂျီရီ ပညာရှင်အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ သူ့လူနာတွေကို ပလတ်စတစ်ဆာဂျီရီ လုပ်ပေးပြီးနောက် ၃ ပတ်ခန့်အကြာမှာ လူနာတွေဟာ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်သစ်နဲ့ အသားကျလာတယ်လို့ သူက သတိထားမိပါတယ်။

ဒါကတော့ လူတွေ အသားကျသွားတဲ့ ကာလအပိုင်းအခြားနဲ့ ပတ်သက်လို့ ဒေါက်တာမော့ဇ်ရဲ့ အမြင်ဖြစ်ပြီး အကျင့်ဖြစ်သွားတယ်ဆိုတဲ့ ကိစ္စတိုင်းနဲ့တော့ ချိန်ပြီးစဉ်းစားလို့ ဖြစ်မယ် မထင်ပါဘူး။ လူတစ်ယောက် အကျင့်သစ်တစ်ခု ၂၁ ရက််အတွင်း ရလာဖို့ဆိုတာ သူ့ရဲ့ စိတ်အားထက်သန်မှု Motivation ၊ ခံနိုင်ရည်ဇွဲ Persistence နဲ့ ရှေ့ရေးအမြင် Long Term View ဆိုတဲ့ အကြောင်းပြချက်သုံးမျိုးပေါ် မူတည်ပါတယ်။

Photo: The Independent

ဒီတော့ အကျင့်သစ်ကို ပြောင်းဖို့ စိတ်အားထက်သန်မှု ဘယ်လောက် ရှိသလဲ။ အကျင့်သစ်ကို မွေးယူချိန်မှာ ဘယ်လောက်ဇွဲကောင်းပြီး အကျင့်ဟောင်းကို ဖျောက်ချိန်မှာ ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာနဲ့ အကျင့်တစ်ခုကို ပြောင်းတဲ့အခါ ရှေ့လျှောက် ဘယ်လိုကောင်းကျိုးတွေ ရမှာပဲ ဆိုတဲ့ ခိုင်မြဲတဲ့ယုံကြည်မျှော်လင့်မှုတို့ ရှိထားဖို့ လိုတယ်လို့ပဲ ပြောချင်ပါတယ်။