ဆံပင်ရှည်တဲ့သူတွေက နန်းစံကြတယ်ဆိုတာကို လက်ခံကြပါသလား ပျိုမေလေးတို့ရေ… စာဖတ်သူ ပျိုမေလေးရော ဆံပင်တိုတိုလေးနဲ့ မိမိုက်ပြီး စတိုင်လ်လေး လန်းနေတဲ့သူလား၊ ဒါမှမဟုတ် ဆံပင်ရှည်ရှည်လေးနဲ့ ကျက်သရေရှိတဲ့ အလှပိုင်ရှင်မျိုးလား။

ကိုယ်က ဆံပင်တိုတိုညှပ်ပြီးမှ ဆံပင်ပြန်ရှည်ချင်တယ်ဆိုရင်တော့ ပျိုမေလေးတို့အနေနဲ့ အချိန် အတိုင်းအတာတစ်ခုအထိ စောင့်ရမှာပဲဖြစ်ပါတယ်။ အချိန်အကြာကြီး မစောင့်ချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ အသုံးပြုပြီး ဆံပင်အရှည်မြန်အောင် ပြုလုပ်လို့ရပါတယ်။

ဂျင်းနှင့် သံပုယိုရည်

ထောင်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ အရောအနှောများကို ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်းကို တစ်ပတ် နှစ်ကြိမ်ခန့် မှန်မှန်အသုံးပြုပေးမယ်ဆိုရင် သင့်ရဲ့ဆံကေသာက သိသိသာသာ အရှည်မြန်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

ဂျင်းနှင့် ရေ

ဒီပေါင်းတင်နည်း အသုံးပြုမယ်ဆိုရင်တော့ ထောင်းထားသော ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်းခန့်နှင့် ရေအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၄၅ မိနစ်၊ တစ်နာရီခန့်ကြာမှ ရေနဲ့ ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။ သင့်အနေနဲ့ ဆံပင်ခဏခဏ ကျွတ်လို့စိတ်ညစ်နေရတယ်ဆိုရင်လည်း ဒီနည်းလမ်းလေးကို အသုံးပြုနိုင်ပါသေးတယ်။

ဂျင်းနှင့် ကြက်သွန်နီ

ထောင်းထားသော ဂျင်း စားပွဲတင်ဇွန်း နှစ်ဇွန်းနှင့် ကြက်သွန်နီ တစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။ ကြက်သွန်နီကိုလည်း ထောင်းထားလိုက်ပါ။ ထို့နောက် အဝတ်စသန့်သန့်တစ်ခုထဲတွင် ဂျင်းနှင့် ကြက်သွန်နီတို့ကို ရောထည့်ပြီး အရည်ညှစ်ချလိုက်ပါ။

ဝါဂွမ်းစကို ထိုဂျင်း ကြက်သွန်နီအရည်ထဲ နှစ်လိုက်ပြီးနောက် ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာမှ မိမိလျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပါ။

သင့်အနေနဲ့ ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို တစ်ပတ် သုံးကြိမ်ခန့် ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: stylecraze.com

By MyStyle Myanmar