စိတ်ကျရောဂါဟာ စိတ်ပိုင်းဆိုင်ရာရောဂါဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုရှိနေပါတယ်။ ဒါ့ကြောင့် စိတ်ကျရောဂါ လက္ခဏာတွေ တွေ့လာရပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ကာကွယ်သင့်ပါတယ်။

ဒီနေ့မှာတော့ စိတ်ကျရောဂါဟာ လူနေမှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေလဲဆိုတာကို ပြောပြပေးသွားမှာပါ။

အစာခြေစနစ်

အစာခြေစနစ်ဟာ သင်စားလိုက်တဲ့ အစာတွေကိုခြေဖျက်ပြီး အာဟာရတွေကို သွေးစီးကြောင်းကနေတဆင့် ခန္ဓာကိုယ်ကို အနှံ့ပို့ပေးရပါတယ်။ စိတ်ကျရောဂါဟာ စိတ်ခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဖြစ်စေပြီးတော့ အစာစားချင်စိတ်မရှိတော့တာ၊ ကိုယ်အလေးချိန်ကျသွားတာ၊ ပိုပြီးစားမိတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာတွေ ခံစားရစေပါတယ်။

ဒီလို အစာခြေစနစ် ကမောက်ကမ ဖြစ်ဖန်များလာရင် ကိုယ်အလေးချိန်တက်လာတာ၊ အစာအာဟာရမဖြစ်တော့တာ စတာတွေဖြစ်နိုင်ပြီးတော့ အဆင့် (၂) ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ တခြားရောဂါတွေ ခံစားရနိုင်ပါတယ်။

မပျော်တော့ဘူး

မနက်ခင်းနိုးထလာတာနဲ့ စိတ်ညစ်မှုကို ခံစားရပါတယ်။ ထူးခြားတဲ့ အခက်အခဲမျိုး မရှိဘဲနဲ့ အလုပ်မသွားချင်တဲ့စိတ်တွေ ဖြစ်နေတတ်ပါတယ်။ စိတ်ဓာတ်ကျမှုတွေဟာ နေ့လယ်ခင်းမှာထက် မနက်ခင်းမှာ ပိုမိုပြင်းထန်နေတတ်ပါတယ်။

ဝမ်းနည်းတာ၊ မကျေမချမ်းဖြစ်တာ၊ ဒေါသထွက်တာနဲ့ လေးလံထိုင်းမှိုင်းနေတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ ပျော်ဖို့ဆိုတာ မလွယ်ပါဘူး။ ပျော်စရာတွေဟာ ဝန်ထုပ်ဝန်ပိုးကြီးလိုတောင်ဖြစ်နေပါတယ်။

လူတိုင်းက ကိုယ်လုပ်ချင်ကြလိမ့်မယ်လို့ထင်ကြတဲ့ ကိစ္စတစ်ခုကို ကိုယ့်ဘက်က မပျော်မရွှင်ဖြစ်နေတော့ ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ပါဘူး။ ဟိုရောက်ရင် ပျော်သွားလိမ့်မယ်လို့ ပြောတာဟာ သင့်အတွက် ဘယ်လိုမှ မမှန်ပါဘူး။

အိပ်ချိန်ကမောက်ကမ ဖြစ်လာမယ်

အိပ်ချိန်ကမောက်ကမ ဖြစ်တာက စိတ်ကျရောဂါနဲ့ ဆက်စပ်နေပါတယ်။ တကယ်တော့ အိပ်မပျော်တဲ့ရောဂါခံစားနေရသူတွေဟာ စိတ်ကျရောဂါခံစားရနိုင်ခြေ (၁၀) ဆပိုမိုမြင့်မားနေပါတယ်။ စိတ်ကျရောဂါခံစားနေရသူတွေဟာလည်း ညဘက်အိပ်ပျော်ဖို့အတွက် အခက်အခဲတစ်ခုလိုမျိုးရင်ဆိုင်ရတက်ပါတယ်။

ဒါ့ကြောင့် အိပ်မပျော်တာနဲ့ စိတ်ကျရောဂါဟာ ဆက်စပ်နေတာကြောင့် လက္ခဏာတစ်ခုပြလာပြီဆိုရင် သတိထားပြီးနေဖို့ လိုအပ်နေပါပြီ။

မှတ်ဉာဏ်ဆုံးရှုံးလာတာ

မှတ်ဉာဏ်ဆုံးရှုံးလာခြင်းဟာ စိတ်ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ဖိစီးမှုများတာ (သို့) စိုးရိမ်မှုများတာတွေဟာ ခန္ဓာကိုယ်က ဦးနှောက်ဆီ သွေးပို့လွှတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ဒါက ဘာလို့လဲဆိုတော့ စိတ်ကျမှုဟာ အာရုံစိုက်မှုနဲ့ ရှင်းရှင်းလင်းလင်းတွေးခေါ်နိုင်စွမ်းကို တာဆီးနေလို့ပါပဲ။ လေ့လာမှုတွေအရ စိတ်ကျရောဂါဟာ အချိန်တို မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေတယ်လို့ ဆိုထားပါတယ်။