ဆက်တိုက်လှုပ်ရှား ရုန်းကန်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ လျစ်လျူရှုမိတဲ့အခါ ဘာကိုမှ မလုပ်ချင်မကိုင်ချင်နဲ့ Burnout ဖြစ်သွားတတ်ပါတယ်။

ပုံမှန် လူမှုဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ ၊ အလုပ်မှာ လုပ်ရည်ကိုင်ရည်တိုးတက်စေဖို့ ၊ တခြားသူတွေနဲ့ ဆက်ဆံရေး ပြေပြစ်ဖို့ Relaxation လို့ခေါ်တဲ့ ဖြေလျှော့အနားပေးမှုမျိုး လုပ်ပေးသင့်ပါတယ်။

ဘယ်အချိန်မှာ မဖြစ်မနေ အနားပေးဖို့ လိုအပ်နေပြီလဲဆိုတာ သိချင်ရင်တော့ အခုပြောတဲ့ အပြုအမူလေးတွေ ကြုံနေပြီလားဆိုတာ သတိထားကြည့်ဖို့ လိုပါတယ်။

(၁) ပေါက်ကွဲချင်လာတယ်

လုပ်လက်စတွေ ခဏလောက်ဖြတ်ပြီး Break ပေးဖို့ လိုနေတဲ့သူတစ်ယောက်ဟာ Stress Level အမြင့်ဆုံးကို ရောက်နေတဲ့သူတွေ ဖြစ်တတ်ပါတယ်။ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးလာပြီး ဘာရယ်မဟုတ်တဲ့ သာမန်ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရှုပ်ထွေးစိတ်တိုတတ်လာပါတယ်။

အဲဒီလို လူတွေဟာ ကိစ္စတစ်ခု လိုတာထက် ပိုပြီး တုံ့ပြန်တတ်ပြီး ပင်ပန်းလွယ် ၊ စိတ်ဖိစီးလွယ်သလို ညဘက် အိပ်မရတာ ၊ ခေါင်းထဲ အတွေးတွေနဲ့ စုပြုံကြပ်ခဲနေတတ်ပါတယ်။

(၂) အလုပ်ကိစ္စပဲ ခေါင်းထဲမှာ ရှိနေတယ်

အလုပ်ပြီး အလုပ်.. ခေါင်းထဲမှာ အလုပ်ကိစ္စကပဲ အမြဲကြီးစိုးနေလို့ ကိုယ်ဂရုစိုက်ရမယ့်လူတွေကို ဂရုစိုက်ဖို့ မေ့လျော့နေတာမျိုး ဖြစ်ဖူးကြမှာပါ။ အလုပ်ဇွဲကောင်းတာနဲ့ မတူပါဘူး။ အလုပ်ဖိအားကြောင့် အလုပ်ချိန်မဟုတ်တာတောင် အလုပ်အကြောင်း တွေးနေပြီး အချိန်ပြည့်စိတ်ထဲမှာ စိုးမိုးနေတာမျိုး ဖြစ်ပါတယ်။

အလုပ်ကြိုးစားတဲ့သူတွေဆိုတာက အလုပ်နဲ့ မိသားစုဘဝကို ခွဲခြားနားလည်ပါတယ်။ အလုပ်ချိန်မှာ လုပ်စရာကို အကောင်းဆုံး အားစိုက်ကြိုးစားပြီး အလုပ်ခွင်ပြင်ပမှာ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးပြီး Work-Life Balance မျှအောင် နေပါတယ်။ အလုပ်ကြောင့် ကိုယ့်လူမှုဘဝထိခိုက်လာရင် အနားပေးဖို့ မမေ့ပါနဲ့။

(၃) ပုံမှန်ထက် တစ်ယောက်တည်းပဲ နေချင်တယ်

တချို့သူတွေက တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်သူတွေ ဖြစ်ပြီး တချို့ကျတော့လည်း Social ကျကျ အပေါင်းနဲ့ အသင်းနဲ့ နေတတ်ကြပါတယ်။ အရင်က သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတစ်ယောက် အခုချိန်မှာ ဘယ်သူနဲ့မှ မတွေ့ချင် တစ်ယောက်တည်းပဲ နေချင်တဲ့စိတ်ဖြစ်လာပြီဆိုရင် အနားယူဖို့ အချိန်လိုအပ်တာကြောင့် ဖြစ်တတ်ပါတယ်။

လူတွေနဲ့ မတွေ့ချင်တော့ဘဲ ရှောင်ချင်လာတာဟာ အဆိုးကြီး မဟုတ်ပေမယ့် အထီးကျန်ဆန်ဆန် နေချင်တာက ကိုယ့်ကိုယ်ကိုယ် ထိခိုက်ပျက်စီးအောင် ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

(၄) အစားအသောက် အလေ့အကျင့် ပြောင်းသွားတယ်

စားသောက်ပုံအပြောင်းအလဲဖြစ်လာတာက တစ်ခုခု မှားယွင်းနေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ပုံမှန်လောက် မစားဖြစ်တာ ၊ တချို့ထမင်းအနပ်တွေ မစားဖြစ်တော့တာလည်း ဖြစ်နိုင်ပါတယ်။

တချို့ကတော အလွန်အကျွံစားလာတာမျိုးနဲ့ စားသောက်တဲ့ပုံစံ ဖောက်ပြန်တာကို ဖော်ပြတတ်ပါတယ်။ ဒါဟာ စိတ်ဖိစီးမှု တက်နေတဲ့ လက္ခဏာဖြစ်နိုင်လို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် အနားပေးဖို့ စဉ်းစားသင့်ပါတယ်။

(၅) Motivation မရှိတော့ဘူး

စိတ်ဓါတ်ဟာ အဆိုးဘက် ထိုးတက်သွားပြီး အကောင်းမြင်စိတ်တွေ ကျသထက် ကျသွားတယ်ဆိုတာ သိပ်ပင်ပန်းသွားလို့လည်း ဖြစ်နိုင်တာပါပဲ။ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့တာဟာ အန္တရာယ်ကြီးပါတယ်။

ခြေကုန်လက်ပန်းကျတဲ့ နေ့ရက်တွေ သိပ်များလာတယ် ၊ ဘယ်အရာကမှ ကိုယ့်ကို စိတ်အားမတက်ကြွစေတော့ဘူးဆိုရင် ခရီးလေးဘာလေးထွက် ၊ အလုပ်ကိစ္စတွေ ဖြတ် ၊ စိတ်သက်သာရာရအောင် အနားကောင်းကောင်းပေးဖို့ လိုလာပြီ ဖြစ်ပါတယ်။