ကလေးတိုင်းဟာ သူတို့ရဲ့ငယ်စဥ်ကလေးဘဝ အစောပိုင်းအချိန်တွေကတည်းနေစပြီး မြင်တွေ့သမျှ ကြားရသမျှတွေကို လေ့လာမှတ်သားတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီလိုမျိုးအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့ငယ်ငယ်လေးကတည်းက စာဖတ်ခြင်းလိုမျိုး အလေ့အကျင့်ကောင်းလေးတွေကို စောစောစီးစီး သင်ပေးထားပါ။

ဘယ်လိုအရွယ်ပဲဖြစ်ဖြစ် စာဖတ်ခြင်းက သင့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအားကောင်းစေမယ်၊ မိဘနဲ့သားသမီးကြား ရင်းနှီးမှုတွေတိုးလာမယ်၊ နောက်ပြီးတော့ သူတို့ဘဝတစ်လျှောက်လုံးအတွက် တခြားအရေးကြီးတဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ရေရှည်အနာဂါတ်မှာ အများကြီးအထောက်အကူဖြစ်စေဖို့ ညတိုင်း အိပ်ရာဝင်ပုံပြင်လေးတွေဖတ်ပြရင်းနဲ့ စာဖတ်ခြင်းအလေ့အထကို မွေးမြူပေးသင့်ပါတယ်။

၁။ စိတ်ရှည်သည်းခံတတ်မယ်

ထစ်ခနဲရှိ ဝုန်းဒိုင်းထကြဲလိုက်တာမျိုးကို အတတ်နိုင်ဆုံးလျှော့ပြီး စိတ်ရှည်တတ်ဖို့က ယနေ့လူအများစုမှာ လိုအပ်နေတဲ့အရာဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကိုယ့်သားသမီးလေးတွေ ငယ်သေးတုန်းမှာ မိဘတွေဖတ်ပြတဲ့ ပုံပြင်လေးတွေနားထောင်ရင်း ကလေးတွေကို စိတ်ရှည်တတ်လာအောင် လမ်းကြောင်းသွားပေးလို့ရပါတယ်။ စိတ်ရှည်တတ်လာအောင် သင်ကြားပေးခြင်းက သင့်ကလေးကို နားထောင်နိုင်စွမ်းလည်း တိုးတက်စေရာရောက်လို့ နောင်တစ်ချိန်အလုပ်ခွင်ဝင်ရတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေ တန်ဖိုးထားရတဲ့ နားထောင်သူတစ်ဦးဖြစ်လာစေမှာပါ။

၂။ ဝေါဟာရကြွယ်ဝစေခြင်း

စာဖတ်ခြင်းက လူကြီးတွေအတွက်သာမက ကိုယ့်သားသမီးလေးတွေအတွက်လည်း အရမ်းအရေးကြီးပါတယ်။ Rhode Island ဆေးရုံမှပြုလုပ်တဲ့လေ့လာမှုအရ စာဖတ်လေ့ရှိတဲ့ကလေးတွေဟာ တခြားကလေးတွေထက်စာရင် စကားလုံးများများ ပိုပြီးနားလည်နိုင်စွမ်းရှိကြပါတယ်။ အကျိုးဆက်အနေနဲ့ စာမဖတ်တဲ့ကလေးတွေက ၁၆ ရာခိုင်နှုန်းလောက် စကားလုံးတွေမှတ်မိနေချိန်မှာ စာဖတ်လေ့ရှိတဲ့ ကလေးတွေကတော့ ၄၀ ရာခိုင်နှုန်းအထိ စကားလုံးတွေကို မှတ်မိနိုင်ကြပါတယ်။

၃။ စိတ်ကူးစိတ်သန်းတွေ တိုးပွားစေတယ်

စာဖတ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းတွေက ပိုမိုကျယ်ပြန့်လာနိုင်လို့ ငယ်စဥ်ကတည်းက စာဖတ်တဲ့အကျင့်ပျိုးထောင်ပေးထားခြင်းက သင့်ကလေးရဲ့ စိတ်ကူးစိတ်သန်းကို အစပျိုးပေးလိုက်သလိုပါပဲ။ ကလေးတွေကို စာများများဖတ်ပြလေ သူတို့လေးတွေအနေနဲ့ အဲ့ဒီပုံပြင်တွေကို စိတ်ထဲမှာပုံဖော်ဖို့ ပိုမိုလွယ်ကူလေပါပဲ။ ဒီလိုပုံစံမျိုးနဲ့ ဦးနှောက်ကို အဆက်မပြတ် လေ့ကျင့်ပေးခြင်းဖြင့် ကလေးတစ်ယောက်ရဲ့ စိတ်ကူးနိုင်စွမ်းကိုတိုးတက်စေနိုင်ရုံသာမက အတွေးအခေါ်အသစ်တွေကိုလည်း ဖော်ထုတ်နိုင်မယ်၊ တီထွင်ကြံဆဥာဏ်တွေလည်း ပိုပြီးတိုးလာစေမှာဖြစ်ပါတယ်။

၄။ စကားပြောရည်တိုးတက်ကောင်းမွန်လာမယ်

ကလေးတွေကို ငယ်စဥ်ကတည်းက စာဖတ်တတ်တဲ့အကျင့်မွေးမြူပေးခြင်းရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ လူရှေ့သူရှေ့စကားပြောရမှာမကြောက်တော့ဘဲ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုဆက်ဆံနိုင်ခြင်းပဲဖြစ်ပါတယ်။ မိဘဖြစ်တဲ့သင်က ပုံပြင်ဖတ်ပြနေတုန်းမှာ ကြားဖြတ်ပြီး မေးခွန်းတွေမေးလာခဲ့ရင် ဒေါသမထွက်ဘဲနဲ့ စိတ်ရှည်ရှည်ထားပါ။ အကျိုးသင့်အကြောင်းသင့်ရှင်းပြကာ ကိုယ်ဖတ်ပြနေတဲ့ပုံပြင်ထဲက တစ်ချို့အကြောင်းအရာတွေနဲ့ အပြင်လက်တွေ့က အဖြစ်အပျက်နဲ့ တိုက်ဆိုင်ခဲ့တာရှိရင် ဥပမာပေးပြီး သူတို့မေးခွန်းတွေကို ပြန်ဖြေပေးပါ။

၅။ အာရုံစူးစိုက်တတ်လာမယ်

အသက်အရမ်းငယ်သေးတဲ့ ကလေးတွေဟာ တခြားအရွယ်ကြီးကလေးတွေထက်ကို ပိုပြီးအာရုံမစိုက်နိုင်ကြပါဘူး။ ညအိပ်ရာပုံပြင်လေးတွေပြောပြီး စာဖတ်တဲ့အကျင့်ကောင်းလေး မွေးမြူပေးခြင်းက အာရုံစူးစိုက်နိုင်အောင်နဲ့ လေးလေးနက်နက် နားထောင်တတ်အောင် သင်ပေးရာရောက်ပါတယ်။ ငြိမ်ငြိမ်နားထောင်မှ ပုံပြင်ကိုနားလည်သဘောပေါက်မှာဖြစ်လို့ ဝုန်းဒိုင်းကြဲတာမျိုးတွေလုပ်တာ နည်းသွားပါလိမ့်မယ်။ ဒါ့အပြင် ပိုပြီး စကားလုံးတွေသဘောပေါက်နားလည်နိုင်မယ်၊ စည်းကမ်းရှိလာမယ်၊ ပိုပြီးအာရုံစိုက်လာနိုင်မယ်၊ မှတ်ဥာဏ်တွေလည်း ပိုပြီးကောင်းလာမှာဖြစ်ပါတယ်။