အမြဲတမ်း လူတွေရဲ့ အကြိုက်နေပြီး ရောရောနှောနှောနေဖို့ဆိုတာကတော့ မဖြစ်နိုင်ပေမယ့် လူ့အသိုင်းအဝိုင်းထဲမှာ အံမဝင်ဖြစ်နေတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ လူတွေမှာ သင့်ကို အပေါင်းအသင်းမလုပ်ချင်တဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ အခုပြောမှာက သိသာတဲ့ အကြောင်းရင်းတွေထဲက တစ်ချို့ပါပဲ။

(၁) တစ်ခြားသူစကားကို နားမထောင်တတ်ဘူး

ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တတ်ပြီး တစ်ခြားသူအမြင်ကို ခေါင်းထဲ မထည့်တတ်တဲ့သူတွေကို ဘယ်သူမှ သဘောမကျကြပါဘူး။ အတ္တကြီးပြီး ငါပြောတာပဲ နားထောင် ဆိုတဲ့သူတွေကို လူမုန်းများတယ်ဆိုတာကိုတော့ အားလုံးပဲ သိကြပါတယ်။ ဒါကြောင့် တစ်ခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ ပါးစပ်ကို ကျဉ်းအောင်ထားပြီး နား/မျက်စိတွေကို ကျယ်ကျယ်ဖွင့်ထားသင့်ပါတယ်။

(၂) အပြစ်ပြောလွန်းတယ်

ဝေဖန်အပြစ်ပြောတာကို လူတိုင်းလုပ်တတ်ပါတယ်။ ဒါပေမယ့် လူ ၁၀၀ မှာ ၉၉ ယောက်ဟာ ပွစိပွစိလုပ်ပြီး အပြစ်ချည်းတင်တတ်သူကို မကြိုက်တာလည်း အမှန်ပါပဲ။ တစ်ခါတလေမှာ တိတ်တိတ်နေခြင်းဟာ စကားလုံးပေါင်း သောင်းခြောက်ထောင်ပြောတာထက် ထိရောက်ပြီး အကျိုးများတယ်ဆိုတာ သတိရသင့်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တယ်

နည်းနည်းလေးလောက် အောင်မြင်မှုရတာနဲ့ မြောက်ကြွမြောက်ကြွဖြစ်တတ်သူ ၊ တစ်ခြားသူထက် သာတဲ့အချက်ကလေးတစ်ခုတလေလောက် ရှိတာနဲ့ပဲ အကြွားသန်သူမျိုးဟာ လူ့လောကမှာ တစ်ယောက်တည်း သင်းကွဲဖြစ်ဖို့ တမင်ကြိုးစားနေတာနဲ့ တူပါတယ်။

(၄) အဆိုးမြင်တတ်တယ်

အခက်အခဲ နည်းနည်းလောက်ကြုံတာနဲ့ ခိုညည်းညည်းတတ်သူမျိုးနဲ့ ပေါင်းသင်းရတာလည်း ဆင်းရဲခြင်းတစ်မျိုးပါပဲ။ ကိစ္စတစ်ရပ်ရပ်ကို အဆိုးဘက်ခြမ်းကပဲ ကြည့်တတ်သူအနား ဘယ်သူမှ ကြာကြာမနေချင်ကြပါဘူး။ ဒီလိုနဲ့ တအီအီငြီးတတ်သူဟာ ကြာလေလေ အပေါင်းအသင်းရှားလာလေလေပဲ ဖြစ်မှာပါ။

(၅) ကလိမ်ကကျစ်ကျတယ်

မရိုးသားခြင်းဟာ မိတ်ဆွေအပေါင်းအသင်းဖြစ်မှုကို ဖျက်ဆီးနိုင်တဲ့ အဆိပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်မရိုးသားတာ မသိသေးသရွေ့ လူတွေနဲ့ ပေါင်းသင်းလို့ ရပေမယ့် သိသွားတဲ့တစ်နေ့မှာ အားလုံးက ရှောင်ဖယ်သွားမှာ အမှန်ပါပဲ။