လူတစ်ယောက်နဲ့တစ်ယောက်လက်ထပ်ပြီး ဘဝတစ်ခုထူထောင်ကြတယ်ဆိုတာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်လက်ထပ်မယ့်သူကို သေချာရွေးချယ်သင့်ပါတယ်။ ကျွန်မတို့ ဖိနပ်တစ်ရံ အင်္ကျီ တစ်စုံဝယ်ဖို့တောင် ဒါကိုတော့ ဘယ်နေရာမှာ စီးလိုက်မယ်။ ဒီအင်္ကျီကိုတော့ ဘာလေးနဲ့ တွဲဝတ်မယ်ဆိုပြီး တွေးပြီး ကိုယ်နဲ့လိုက်မလိုက် စဉ်းစား ဝတ်ကြည့်ပြီးမှ ရွေးချယ်ဝယ်ယူကြတယ်မလား။ လက်ထပ်ပြီး ကိုယ့်ရဲ့ ခင်ပွန်းလောင်း ဖြစ်လာမယ့်သူ (သို့) ကိုယ့်ဇနီးလောင်းဖြစ်လာမယ့်သူကို ဒီထက်မက သေချာပိုရွေးသင့်ပါတယ်။

ဒါ့ကြောင့်လက်မထပ်ခင် ကိုယ့်ကိုကိုယ်ရော ကိုယ့်ချစ်သူကိုပါ မေးသင့်တဲ့မေးခွန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ငါသူ့ကိုဘာလို့ချစ်တာလဲ။

ဒါက မေးသင့်မေးထိုက်တဲ့မေးခွန်းတစ်ခုဖြစ်သလို ချစ်သူကိုယ်ရော ကိုယ့်ကိုကိုယ်ပါမေးသင့်ပါတယ်။ ဘာလို့သူ့ကိုချစ်တာလဲ။ စာဖတ်သူတို့မှာ အဖြေရှိလား။

၂။ ငါ့လက်ကျန်ဘဝတစ်လျှောက်လုံး သူနဲ့ဘာလို့အတူနေချင်တာလဲ။

ချစ်လို့ပေါ့လို့ ဖြေလာကြမယ်လို့ထင်ပါတယ်။ ချစ်လို့ဆိုတာ ကောင်းတဲ့အဖြေတစ်ခုတော့မဟုတ်ပါဘူး။ ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုလိုပါပဲ။ တစ်ယောက်တည်းမလျှောက်တာကောင်းပါတယ်။ ဒါပေမယ့် ကိုယ့်ခံယူချက်နဲ့ကိုယ်ပါပဲ။ ဘဝအတွက် ပန်းတိုင်တော့ရှိသင့်ပါတယ်။ ကိုယ်သူ့ကို ဘာလို့ လက်ထပ်ချင်တာလဲ။

၃။ သူနဲ့ဆို ပျော်မှာလား။

သူနဲ့ အတူဆိုရင် ဘာအခက်ခဲပဲရှိရှိ သင်ပျော်ပျော်နေသွားနိုင်မှာလား။ ရင်ဆိုင်သွားနိုင်မှာလားဆိုတာ သူ့ကိုရော သင့်ကိုယ်သင်ရော မေးသင့်တဲ့မေးခွန်းပါပဲ။ ဘဝဆိုတာ ရုန်းကန်ရခြင်းပါပဲ။ အခုလိုရုန်းကန်ရတဲ့ဘဝမှာ ဆိုးတူကောင်းတူ သူနဲ့အတူရှိနိုင်မှာလား။

၄။ သူဟာ ဖခင်ကောင်းတစ်ယောက် (သို့) မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်လား။

လက်ထပ်ပြီးအိမ်ထောင်တစ်ခုထူထောင်ပြီးရင်တော့ ရင်သွေးလေးဆိုတာ ရတနာတပါးလို့ လူတိုင်းမက်ကြတဲ့ အိပ်မက်တစ်ခုပါပဲ။ လက်ထပ်ဖို့ စဉ်းစားရမှာ သူဟာ ကိုယ်မွေးလာမယ့်ကလေးရဲ့ အဖေ (သို့) အမေ ဖြစ်ထိုက်တဲ့သူလားဆိုတာ သေချာဆန်းစစ်သင့်ပါတယ်။

၅။ ကိုယ်လဲနေချိန်မှာ ထူပေးမှာလား။

ငွေကြေးအရပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ကျန်းမာရေးအရပဲဖြစ်ဖြစ် ကိုယ်အားငယ်နေတဲ့အချိန်ပဲဖြစ်ဖြစ် သူကကိုယ့်ဖက်ကအနေ အမြဲတမ်းရပ်တည်ထောက်ပံ့ပေးနိုင်မယ့်သူလားဆိုတာ သေချာဆန်းစစ်ပြီး မေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။ သင်လမ်းမလျှောက်နိုင်တော့ရင် သူပွေ့သွားပေးမှာလား။ အသက်တွေကြီးလာလို့ သင့်ဒူးတွေမခိုင်တော့ရင် ဖေးမပေးမှာလား။

၆။ ကိုယ့်ရဲ့ ပန်းတိုင်ရည်မှန်းချက်တွေ ပြည့်မြောက်အောင်လုပ်နိုင်မလား။

လက်ထပ်လိုက်လို့ ပညာရေးတပိုင်းတစဖြစ်သွားတာ။ ကိုယ်လုပ်နေတဲ့အလုပ်ကနေထွက်လိုက်တာ။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်တွေကို စွန့်လွှတ်လိုက်တာမျိုးမဖြစ်သင့်ပါဘူး။ လူဆိုတာ ပြောင်းလဲတတ်တဲ့ သတ္တဝါပါပဲ။ မဖြစ်ရင်တော့ကောင်းပေမယ့် တကယ်လို့ အိမ်ထောင်ရေးမှာ ပြဿနာတစ်ခုခုရှိလာတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အခုကတည်းက ကိုယ့်ရည်းမှန်းချက်ပန်းတိုင်တွေအတွက် သေချာပြင်ဆင် ကြိုးစားသင့်ပါတယ်။

သေချာစဉ်းစားပြီးမေးမယ်ဆိုရင်တော့ အများကြီးပဲရှိမှာပါ။ ဒါပေမယ့် စာဖတ်သူတို့အတွက် အရေးကြီးမယ်လို့ ထင်တာလေးတွေကိုပဲ မျှဝေပေးလိုက်တာပါနော်။ စာဖတ်သူတို့အားလုံး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ။