နေရောင်ခြည်နဲ့ ထိတွေ့မှုများတာဟာ အသားအရေကို မည်းညစ်လာစေနိုင်ပြီး အထူးသဖြင့် အဝတ်အစားမဖုံးနိုင်တဲ့ နေရာများဖြစ်ကြတဲ့ မျက်နှာ၊ လည်ပင်း၊ လက်ဖျံ နဲ့ ခြေထောက်တို့က တစ်ခြားနေရာတွေထက် ပိုပြီးနေလောင်ခံရတတ်ပါတယ်။
နေကထုတ်လွှတ်လိုက်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် များသောအားဖြင့် အသားအရေအပေါ်လွှာက နေလောင်ခံရတာကနေမှတဆင့် အရေပြားကင်ဆာဖြစ်နိုင်ခြေများပါတယ်။
ဘယ်လိုကာကွယ်ကုသမလဲ
လူသားတွေအနေနဲ့ ခန္ဓာကိုယ်မှ ဗီတာမင်ဒီဓာတ်ရရှိဖို့လိုအပ်လို့ နေ့စဥ်နေ့တိုင်း မနက်ခင်းနေရောင်ခြည်နည်းနည်းလောက် ခံပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ကိုယ်ခံအားစနစ်မြင့်တက်စေရုံသာမက နှင်းခူနာထွက်ခြင်း၊ အသားအရေကြမ်းထော်ပြီး အနီပိမ့်များထခြင်း၊ ခရုသင်း/သမင်ဖြူဖြစ်ခြင်း တို့လို အရေပြားရောဂါတွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ လိုတာထက်ပိုပြီးတော့ နေရောင်ခြည်နဲ့ထိတွေ့မှသာလျှင် အသားအရေနေလောင်ခြင်းနဲ့ တခြားအရေပြားရောဂါတွေဖြစ်လာနိုင်တာပါ။
နေရောင်ခြည်ကနေ ရှောင်ပြေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေမယ့်လည်း နေအပူဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အတတ်နိုင်ဆုံး အပြင်မထွက်မိအောင်ကြိုးစားပါ။
အပြင်သွားမှဖြစ်မယ်ဆိုပါက မျက်နှာနဲ့ မျက်လုံးတွေကို နေရောင်ခြည်ဒဏ်မှကာကွယ်ဖို့ ဦးထုပ်ခပ်ကြီးကြီး နဲ့ နေကာမျက်မှန်တို့ကို ဝတ်ဆင်သွားပါ။ နောက်ပြီးတော့ အရည်အသွေးကောင်းပြီး SPF ပမာဏများများပါဝင်တဲ့ sunscreen ကို အဝတ်အစားမဖုံးတဲ့နေရာတွေမှာ အကုန်လိုက်လိမ်းပေးပါ။
နောက်ထပ်နည်းလမ်းတစ်ခုကတော့ နေလောင်ကွက်တွေကိုဖယ်ရှားပေးမယ့် Mask တွေကိုလည်း မှန်မှန်သုံးပေးမယ်ဆိုရင် နေလောင်တာကိုဖယ်ရှားပေးတာသာမက အသားအရေနီရဲတာကို သက်သာစေမယ်၊ အသားအရေကို ကျန်းမာစိုပြေစေမှာဖြစ်ပါတယ်။
ကဲ…ဒါဆိုရင်တော့ အိမ်မှာကိုယ်တိုင်လုပ်နိုင်မယ့် Mask အတွက် ဘာတွေလိုအပ်မလဲ ဘယ်လိုလုပ်ရမလဲဆိုတာကို အခုပဲဆက်လေ့လာလိုက်ရအောင်ပါ။
ပါဝင်ပစ္စည်းများ
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- အုတ်ဂျုံမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
၁။ ပန်းကန်လုံးသန့်သန့်တစ်ခုထဲကို အုတ်ဂျုံမှုန့်တွေအရင်ထည့်ကာ ပျားရည်နဲ့ ရေတို့ကိုလည်း ဆက်ထည့်ပြီးတော့ သေချာနှံ့အောင်မွှေပေးပါ။
၂။ မျက်နှာနဲ့လည်ပင်းကို ရေနွေးနွေးနဲ့ နူးညံ့တဲ့ မျက်နှာသစ်ဆေးတို့သုံးပြီး သန့်စင်ပေးပါ။
၃။ မျက်နှာကိုလုံးဝခြောက်အောင်မသုတ်ဘဲ နည်းနည်းလေးစိုနေတဲ့အချိန်မှာ အစောနက Mask အနှစ်ကိုယူပြီးတော့ မျက်နှာနဲ့လည်ပင်းတစ်ဝိုက် ညီအောင်လိမ်းပေးပါ။
၄။ မိနစ် ၂၀ ကြာအောင်ထားပြီးနောက် လက်ကိုရေစွတ်ကာ အသာလေးလိုက်ပွတ်ပါ။
၅။ ပြီးရင်တော့ မျက်နှာနဲ့လည်ပင်းက မပြောင်ဘဲကျန်နေခဲ့တာလေးတွေကို ရိုးရိုးရေနဲ့ပက်ပြီး သန့်စင်ပါ။
၆။ ပြောင်သွားပြီဆိုတာနဲ့ နည်းနည်းလေးစိုစွတ်စွတ်ဖြစ်နေချိန်မှာ moisturizer လိမ်းပေးပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။
Source: emedihealth.com